ကျပ်သန်းနှစ်သောင်းကုန်ကျမည့် ကုန်းဘောင်ပြတိုက် မန္တလေးမြို၌ တည်ဆောက်မည်
25 Mar 2016 1,585 Views

ငွေကျပ် သန်း ၂သောင်း အကုန်အကျခံကာ တည်ဆောက်မည့် မန္တလေးမြို့၏ ပထမဆုံးသော ကုန်းဘောင် ခေတ်ပြတိုက်ကို ယနေ့ ပန္နက်ချ အခမ်းအနားပြု လုပ်ကြောင်းသိရသည်။ ပြတိုက်တွင် မန္တလေးတိုင်းရှိ ၂၃ မြို့နယ်မှ နာမည်ကျော် သမိုင်းဖြစ်စဉ်များ၊ အဆောက်အဦးများ၊ စီးပွားရေး လုပ်ငန်းများ ကို ပြသမည်ဖြစ်ပြီး ကျုံး၊ မြို့ရိုး၊ နန်းတော်၊ သမိုင်းဝင်အဆောက်အဦးများ၊ မိုးကုတ် ပတ္တမြားနှင့် ကျောက်မျက် တူးဖော်မှု၊ ကျောက်စိမ်း ကျောက်ဖြတ် လုပ်ငန်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေမှ သမိုင်းဝင် အဆောက်အဦးများ ပါဝင်မည်ဟု မန္တလေး စည်ပင်သာယားရေးကော်မတီ တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း ကပြောသည်။
“ဒီလိုပြတိုက်ဟာမြန်မာပြည်မှာ မရှိသေးသလို မန္တလေးမှာ ပထမဆုံး ပဲ၊ ပြောရရင် မန္တလေးတိုင်းအတွက် ပြယုဂ်တခု အဖြစ် ပြသနိုင်အောင် ပါ၊ ပြတိုက်ကိုရောက်တာနဲ့ မန္တလေးတိုင်း တတိုင်းလုံးကို ရောက်သွားသလို ခံစားရအောင်လုပ်သွားမယ်” ဟု ဦးသက်နိုင်ထွန်း ဆိုသည်။ မန္တလေး ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း နှင့် ငုဝါလမ်းကြား၊ ၇၃ လမ်းပေါ်ရှိ စည်ပင် သာယာရေး အဖွဲ့ပိုင် မြေနေရာတွင် တည်ဆောက် မည့် ပြတိုက်ကို ချမ်းဟိန်း သံနှင့် ဆောက်လုပ်ရေးကုမ္ပဏီက ငွေကြေးနှင့် နည်းပညာ ရင်းနှီးစိုက်ထုတ်သွားမည်ဖြစ်ပြီး တည်ဆောက်ရေး ကာလ ၃နှစ် သတ်မှတ်ထားသည်။
သမိုင်းနှင့်ယဉ်ကျေးမှု စာပေများရေးနေသူ မန္တလေးသား စာရေးဆရာ ဆူးငှက် “နာမည်ပေးထားတာကိုက ကုန်းဘောင်ဆိုပြီး အကြီးကြီးပေး ထားတာ ဒီအတွက် မန္တလေးကုန်းဘောင်ခေတ်ကြီး တခုလုံးကို ကိုယ်စားပြု တဲ့ ပြခန်းမျိုးပဲဖြစ်သင့်ပါတယ်၊ ကျောက်စိမ်း၊ ကျောက်မျက်လောက်ကိုပဲ အဓိကထားပြမယ်ဆိုရင် တော့ ကျောက်စိမ်းပရိုမိုးရှင်းပဲဖြစ်သွားမှာပေါ့” ဟု ၄င်း၏အမြင်ကို ပြောသည်။
https://www.facebook.com/IrrawaddyBurmese/