လှူဒါန်းထားသည့် အိမ်တလုံးတွင်းမှ ကားပုံစံတူအရုပ် ၃ သောင်းကျော် တွေ့ရှိ
24 Mar 2016 1,453 Views
အမေရိကန်နိုင်ငံက ခရစ်ယာန်ဘုရားကျောင်းတခုကို လှူဒါန်းထားတဲ့ အိမ်တလုံးအတွင်းမှ ကားပုံစံတူအရုပ်ပေါင်း ၃ သောင်းကျော်ကို တွေ့ရှိခဲ့ရတယ်လို့ နယူးဇီလန်အခြေစိုက် စတပ်ဖ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။အဲဒီအိမ်မှာနေထိုင်သွားခဲ့သူဟာ Erickson အမည်ရ အဘိုးအိုတဦးဖြစ်ပြီး သူသေဆုံးခဲ့ချိန်မှာ သူ့ရဲ့အိမ်ကို ဘုရားကျောင်း လှူဒါန်းခဲ့တာပါ။
အမေရိကန်နိုင်ငံ၊ မင်နီဆိုတာပြည်နယ်၊ ချီးမွမ်းခြင်းဘုရားကျောင်းရဲ့ ဘဏ္ဍာရေးမှူး Lisa Lundstrom က “ကျမ(ဒီကားတွေကို ပထမအကြိမ်စမြင်လိုက်ရပြီး) အိမ် ထဲလမ်းလျှောက်ဝင်လာချိန်မှာ အသက်ရှုတောင် မှားမတတ်ပဲ။ ဒါဟာ ကမ္ဘာမှာ အကြီးမားဆုံး စုဆောင်းမှုတခုပါပဲ” လို့ ပြောပါတယ်။သူ့ရဲ့အိမ်အခန်းလွတ်ရှိရှိသမျှ ဧည့်ခန်း၊ အိပ်ခန်း၊ မီးဖိုခန်း၊ ရေချိုးခန်းပါမကျန် နေရာအနှံ့ ကားမော်ဒယ်လ်အစုံ ထားရှိတာဖြစ်ပြီး သူ့ဘ၀သက်တမ်းတလျှောက် စု ဆောင်းခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
Dennis Erickson ဟာ ဘုရားကျောင်းအပေါက်စောင့်အဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာလ သူကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်ရှိနေပါပြီ။သူကွယ်လွန်ချိန် အနားမှာ ဘယ်သူမှမရှိဘဲ ကားတွေသာ ပတ်လည်ဝိုင်းပြီး ရှိနေခဲ့တယ်လို့ ဆိုပါတယ်။သူကွယ်လွန်ပြီး သီတင်းပါတ်အနည်းငယ်အကြာမှာတော့ Lisa Lundstrom က ထူးဆန်းတဲ့ စုဆောင်းမှုကို သတိထားမိခဲ့ပြီး နောက်ကြောင်းပြန်စုံစမ်းခဲ့ချိန်မှာ Erickson ဟာ အသက် ၉ နှစ်အရွယ်ကစပြီး စုဆောင်းခဲ့တာလို့ ဆိုပါတယ်။
သူဟာ မြို့ပြအင်ဂျင်နီယာတဦးအဖြစ် အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ခဲ့ဖူးပြီး မိဘတွေရဲ့ တဦးတည်းသော သားဖြစ်ကာ မိဘ ၂ ဦးစလုံး ကွယ်လွန်ချိန်ကစ အိမ်ထဲမှာ ဘယ်သူ့မှ လက်မထပ်ခဲ့ဘဲ တဦးတည်းနေလာခဲ့တာပါ ။ သူ့ရဲ့နေ့စဉ်နေထိုင်မှုဘ၀မှာ ဒီကားတွေကို ပွတ်တိုက်ပြီး ဖြတ်သန်းခဲ့ပုံပေါ်တယ်လို့ Lundstrom က ပြောခဲ့ ပါတယ်။
Erickson သေဆုံးပြီး ရက်အနည်းငယ်အကြာမှာတောင် သူမှာထားတဲ့ ကားပုံစံ တူအရုပ်တွေ ရောက်လာဆဲဖြစ်တယ်လို့ ဆိုပါတယ်။ Lundstrom က “သူဟာ တခြားလူတွေက သူတို့ဘ၀ထဲက မိသားစုတွေကို ဂရုစိုက်သလိုပဲ သူစုဆောင်းတဲ့ကားတွေကို ပိုဂရုစိုက်ခဲ့တာပဲ”လို့ ပြောပါတယ်။
ခုချိန်မှာတော့ ဘုရားကျောင်းမှာ Erickson ရဲ့ စုဆောင်းထားရှိခဲ့တဲ့ ကားမော် ဒယ်လ်ပုံစံတူတွေနဲ့ ၀ယ်ယူတဲ့ ဘောက်ချာစတဲ့ အမှတ်ရဖွယ်ပစ္စည်းတွေကို ပြသထား ပြီး တချို့ကို ရောင်းချကာ လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အတွက် ထောက်ပံ့ကူညီမှုတွေ လုပ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
Credit:DVB news