ပရိသတ်တွေက ချောတာ၊ လှတာထက် သရုပ်ဆောင်တာကိုပဲ ကြိုက်ကြတယ် တက္ကသိုလ်ဂွမ်းပုံ
16 Mar 2016 1,613 Views
တက္ကသိုလ်ဂွမ်းပုံက လတ်တလောမှာ ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးတဲ့ “ချစ်သူအိပ်မက် ၁၆ ချက်” ဇာတ်ကားကို သူရိယ၊ နန်းဆုဦးတို့နဲ့အတူ ရိုက်ကူးနေပြီး ဟာသဆန်ဆန် ဝိညာဉ်ဇာတ်လမ်းပုံစံဖြစ် ကြောင်း ပြောပါတယ်။ ကာရိုက်တာမျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်တဲ့ တက္ကသိုလ်ဂွမ်းပုံက အခုအချိန်ထိ အနုပညာအလုပ်မှာ ပရိသတ်တွေရဲ့ ရေရှည်အားပေးမှုရရှိထားရခြင်း အကြောင်းအရာနဲ့ ပတ်သက်ပြီး.. ” ၁၉၈၆ ခုနှစ်ကတည်းက “ရင်ခုန်မိတာအချစ်လား” ဇာတ်ကားစရိုက်ကတည်းက ဒါရိုက်တာ ကိုဇော်မြင့်ဦး၊ ကိုဇော်လွင်တို့ရဲ့သင်ယူမှု၊ အနီးကပ်သင်ကြားမှုတွေ ကြောင့် အစ်မဒီနေ့ဒီအချိန်မှာ တက္ကသိုလ်ဂွမ်းပုံဖြစ်လာတာပါ။ အစ်မဆိုရင် အားရင်အားသလို ဇာတ်ကားတွေ အကုန်ကြည့်တယ်။ သရဲကားလည်းကြည့်တယ်။ ကိုရီးယား ကားလည်းကြည့်တယ်။ ပရိသတ်တွေက ကိုရီးယားကားကို ဘာကြောင့်ကြိုက်လဲဆိုတာ အစ်မလေ့လာတယ်။ မစ္စတာဘင်း၊ Tom & Jerr ကာတွန်းကားတွေလည်း ကြည့်ဖြစ်တယ်။ ဇာတ်ကားတွေ များများလေ့လာတယ်” လို့ ပြောပါတယ်။
အခုနောက်ပိုင်းမှာတော့ အနုပညာလောကမှာ သရုပ်ဆောင်အသစ်တွေများစွာပေါ်ထွက်လာသလိုပဲ အချိန်ခဏလေးနဲ့ ပျောက်ကွယ်သွားတာတွေလည်း ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တက္ကသိုလ်ဂွမ်းပုံက.. ” မဂွမ်းသည် မလှဘူး။ အရပ်ပုတာက ကိုယ့်ရဲ့အားနည်းချက်။ အမှန်တကယ်ဆိုရင် ကိုယ့်ရဲ့အားနည်းချက်ကို အရင်ကြည့်ရပါတယ်။ အခုနောက်ပိုင်း ပရိသတ်တော်တော်များများက ချောတာလှတာထက် သရုပ်ဆောင်တာကိုပဲကြိုက်တာ။ ဒါပေမဲ့ သရုပ်ဆောင်မှုအပိုင်းမှာ တစ်ဖက်ကမ်းရောက်အောင် အိုက်တင်ကို အရည်ကျိုသောက်ထားသလို သိသွားပြီ၊ နပ်သွားပြီဆိုရင် ပရိသတ်က ဘာလုပ်လုပ် ချစ်ကို ချစ်နေတာ။ ဇာတ်ကားမှာ သရုပ်ဆောင်တဲ့အခါမှာလည်း ပီပြင်အောင် သရုပ်ဆောင်တတ်ဖို့ လည်း လိုအပ်ပါတယ်” လို့ ပြောပါတယ်။
ဗီဒီယိုဈေးကွက်ပျက်တဲ့အတွက် ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးမှုနည်းလာရခြင်းက သရုပ်ဆောင်တွေအတွက် မကောင်းသလို နယ်ကပရိသတ်တွေနဲ့လည်းအဆက်အသွယ် ပြတ်သွားနိုင်ကြောင်း တက္ကသိုလ် ဂွမ်းပုံကပြောပါတယ်။ ” ဝါရင့်သရုပ်ဆောင်တွေက ကားကြီးရိုက်တာစိပ်တယ်။ Actor လေးတွေကျတော့ ကားကြီးကျတော့လည်းမခေါ်၊ ဗီဒီယိုကပါ နည်းသွားတော့ တအားဒုက္ခရောက်ပါတယ်။ ဒါက ရုပ်ရှင်သမားတွေအတွက် မကောင်းပါဘူး။ အရေးကြီးတာက ရုပ်ရှင်လောကကြီးတည်တံ့ခိုင်မြဲပြီး အောင်မြင်ဖို့အတွက် အားလုံးတက်ညီလက်ညီနဲ့ ကြိုးစားပြီးတော့လုပ်မှ တိုးတက်မယ်ထင်တယ်။
နောက်တစ်ခုက တချို့နယ်တွေမှာ ရုပ်ရှင်ရုံမရှိတဲ့ မြို့တွေရှိတယ်။ ဒီလိုမျိုး ဖြစ်လာရင် နယ်ကပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားနိုင်တယ်။ အနုပညာသမားဆိုတာ ပရိသတ်ရှိမှ။ မမြတ်ဘူးဆိုရင် ထုတ်လုပ်သူလည်း မရှိတော့ဘူး။ ထုတ် လုပ်သူမရှိရင် ဒါရိုက်တာလည်း ရှိလာမှာမဟုတ်ဘူး” လို့ ပြောပါတယ်။ ဧပြီလ ၃ ရက်နေ့မှာကျင်းပမယ့် အကယ်ဒမီပေးပွဲမှာတော့ ဒီဇိုင်နာမျိုးမင်းစိုးက အဝတ်အစားစပွန်ဆာပေးမှာဖြစ်ပြီး မိတ်ကပ်ကိုတော့ ညီညီမောင် (စမ်းချောင်း) က လိမ်းခြယ်ပေးမှာဖြစ်ကြောင်း တက္ကသိုလ်ဂွမ်းပုံက ပြောပါတယ်။ http://popularmyanmar.com/afpopular/