ခရမ်းလွန်ရောင်ခြည်က အရေပြားသာမက မျက်လုံးပါ ထိခိုက်နိုင်ကြောင်း သတိပေး
14 Mar 2016 1,419 Views

ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများပါက အရေပြား ပျက်စီးမှုသာမက မျက်လုံးပါ ထိခိုက်နိုင်သဖြင့် ပြည်သူများ ပိုမိုသတိထား နေထိုင်သင့်ကြောင်း ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောကြားလိုက်သည်။ “အပြင်ကို ထွက်မယ်ဆိုရင် အမိုးအကာ၊ အင်္ကျီလက်ရှည်နဲ့ မျက်နှာကို နေရောင် ကာကွယ်နိုင်တဲ့ ခရင်မ်တွေလိမ်းပြီး ထွက်ဖို့လိုပါတယ်။ အထူးသဖြင့် အမိုးအကာမရှိတဲ့ နေရာမှာ လုပ်နေတဲ့ လုပ်သားတွေ ပိုသတိထားရမယ်။
ခရမ်းလွန် ရောင်ခြည်ကြောင့် မျက်လုံးပါ ထိခိုက်လာနိုင်တယ်”ဟု ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောသည်။ အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည် ထိရောက်နိုင်မှု အမြင့်ဆုံးဒေသတွင် ထားဝယ်မြို့မှာ ဒုတိယနေရာတွင် ရှိနေသဖြင့် ပြည်သူများအနေဖြင့် အပူရှိန်မြင့်တက်သည့် အချိန်များတွင် အကြောင်းမရှိဘဲ အပြင်မထွက်သင့်ကြောင်း သိရသည်။ “အယ်လ်နီညိုကြောင့် အပှုရှပ်လူနာတွေရှိလာရင် အဆင်သင့်ကုသဖို့ ဆေးရုံကြီးမှာ လုပ်ဆောင်ထားတာတွေ ရှိပါတယ်။
တက်လာတဲ့ လူနာစာရင်းကိုလည်း နေပြည်တော်အထိ သတင်းပို့ဖို့ လုပ်ဆောင်ထားပြီးသားပါ။ ပြည်သူတွေအနေနဲ့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေအတိုင်း နေထိုင်ကြဖို့တော့ လိုတယ်” ဟု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။ အပူရှပ်လူနာများ ရှိလာပါက အဆင်သင့်ကုသနိုင်ရန် အတွက် ပြင်ပလူနာဌာနတွင် ခုတင် ၁၀ လုံး အဆင့်သင့် လုပ်ဆောင်ထားပြီး လူနာထားရှိရန်အတွက် လူခြောက်ယောက်ဆံ့ အဲယားကွန်း အခန်းကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည့်အပြင် ဆေးဝါးများလည်း အလုံအလောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။ အခြားဒေသများအတွင်း အပူရှပ်လူနာများ ရှိလာသော်လည်း ထားဝယ်ဆေးရုံကြီးတွင် လက်ရှိအချိန်ထိ အပူရှပ်လူနာ လာရောက်ကုသမှု မရှိသေးကြောင်း သိရသည်။
http://www.thithtoolwin.com/