သင်္ဃန်းကျွန်းမြို့နယ်မှာ ကျပ်သိန်းလေးထာင်ကျော်တန်ဖိုးရှိ ရွှေတုံးများ ခိုးယူမှုဖြစ်ပွား
14 Mar 2016 1,517 Views

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ၂၃ ရပ်ကွက်တွင် နေအိမ်တစ်လုံးမှ ကျပ်သိန်း လေးထောင်ကျော် တန်ဖိုးရှိ ရွှေတုံး ၅ဝ တုံးနှင့် ငွေကျပ် ၃၇ သိန်း ခိုးယူမှုကို အမြန်ဆုံး ဖော်ထုတ်အရေးယူနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့နှင့်အတူ စီအိုင်ဒီ အဖွဲ့ပါ ပူးပေါင်း စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
"အိမ်ဖောက်ပြီး ရွှေတုံးတွေ အခိုးခံရမှုနဲ့ပတ်သက်ပြီး မသင်္ကာသူ အမျိုးသားနှစ်ဦး လွတ်မြောက်နေတယ်၊ ဖြစ်ပွားချိန် ချက်ချင်း မသိခဲ့ရတာကြောင့် တရားခံတွေ တိမ်းရှောင်ချိန်ရခဲ့ပြီး လက်ရှိ နယ်စပ်ဖြတ်ကျော် ဂိတ်တွေဆီ မသင်္ကာသူနှစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေးပို့ထားပါတယ်၊ ရွှေလုပ်ငန်းရှင်တွေဆီကိုလည်း ပျောက်ဆုံးနေတဲ့ ရွှေတုံးတွေရဲ့ အမှတ်အသားတွေ ပေးပို့ထားပြီး တွေ့ရှိရင် အကြောင်းကြားဖို့ အကူအညီ တောင်းထားတယ်"ဟု စီအိုင်ဒီ (မှုခင်းရဲတပ်ဖွဲ့)မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
ရွှေတုံးများ ခိုးယူခံရသော နေအိမ်မှ မိသားစုဝင်များမှာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အိမ်နှင့် ခြံတံခါးများ ပိတ်ကာ ငွေဆောင်ကမ်းခြေသို့ ခရီးထွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက် ည ၉ နာရီခွဲက အိမ်ပြန်ရောက်စဉ် အိမ်အပေါ်ထပ် တံခါးများ ပွင့်နေသဖြင့် စစ်ဆေးရာမှ အိပ်ခန်းအတွင်း ဗီရိုတွင် သိမ်းဆည်းထားသည့် အလေးချိန် ငါးပိဿာရှိ ရွှေတုံးများနှင့်အတူ ကျပ် ၃၇ သိန်း ပျောက်ဆုံးနေသည်ကို သိရှိခဲ့ကြောင်း သုဝဏ္ဏနယ်မြေ ရဲစခန်းမှူး ရဲအုပ်မြင့်ဇော်ဦးက ပြောကြားသည်။
"အိမ်ရှင်က အိမ်ခြံမြေ အကျိုးဆောင်နဲ့ ရွှေအရောင်းအဝယ် လုပ်ကိုင်နေသူပါ၊ မိသားစုတွေခရီးထွက် နေချိန်မှာ အိမ်ဖောက်ခံရတယ်၊ ခိုးမှုကျူးလွန်သူထဲမှ အတွင်းလူတစ်ယောက် ပါနိုင်တယ်လို့ ယူဆရပြီး လက်ရှိ မသင်္ကာသူနှစ်ဦးက အစစ်ဆေးမခံဘဲ တိမ်းရှောင်နေတာကြောင့် အမှုအမြန် ဖော်ထုတ်နိုင်ဖို့ အပူတပြင်း စုံစမ်းနေတယ်"ဟု ရန်ကုန်အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဖောက်ထွင်းခိုးယူမှုကို သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ ရဲစခန်းမှ (ပ) ၁၈၃/၁၆၊ ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း၊ ယခုနှစ် ရန်ကုန်တိုင်းဒေသကြီးတွင် ခိုးမှုပေါင်း ၂ဝဝ ကျော် ဖြစ်ပွားခဲ့ပြီး အများစုမှာ နေအိမ်နှင့် ဈေးဆိုင်များ ဖောက်ထွင်းခိုးယူခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။