မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတို့တွင် နေ့အပူချိန်များ သိသာစွာ မြင့်တက်လာနိုင်
11 Mar 2016 1,477 Views

မန္တလေး၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် ယခု တစ်ပတ်အတွင်း နေ့အပူချိန်များမှာ ၄၀ ဒီဂရီ စင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထက် သို့ မြင့်တက်လာနိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မတ် ၅ ရက်မှ ၁၂ ရက်အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမြောက်ပိုင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတောင်ပိုင်းတို့တွင် နေ့အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်မှ ၄၅ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာနိုင် ကြောင်းနှင့် မကွေးတိုင်းအနောက်တောင် ပိုင်းတွင် နေ့အပူချိန်မှာ ၄၅ ဒီဂရီ စင်တီဂရိတ် အထက်သို့ ကျော်လွန် ရောက်ရှိလာနိုင် ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
"မန္တလေးက နောက်ဆုံးဆိုပေမဲ့လည်း အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လာနိုင်ပါမယ်" ဟု ဒေါက်တာထွန်းလွင်က ယခုလ ၈ ရက်တွင် ပြောသည်။ ဒေါက်တာထွန်းလွင်က မုံရွာ၊ မြစ်ကြီးနား နှင့် ပူတာအိုတို့တွင် ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်း အလွန်မြင့်မားသောအဆင့် ရှိနေကြောင်းနှင့် ပဲခူး၊ ပြည်၊ နေပြည်တော်၊ မကွေး၊ မန္တလေး၊ ကလေးဝအပါအ၀င် အခြား မြို့ ၁၂ မြို့တွင် ခရမ်းလွန်ရောင်ခြည်ညွှန်း ကိန်း လွန်ကဲသောအဆင့်တွင် ရှိနေကြောင်းလည်း အသိပေး ထားသည်။
မန္တလေးမြို့တွင် ပြီးခဲ့သော ဖေဖော်ဝါရီ ၂၀ ရက်က ပြုလုပ်ခဲ့သော ဟောပြောပွဲတွင် အစဉ်အလာအရ နွေရာသီ၌ အောက်မြန်မာ ပြည်က စတင်ပြီး အပူချိန် မြင့်တက်လာကြောင်း၊ အောက်မြန်မာပြည်တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရောက်လျှင် မကျော်တတ်တော့ သော်လည်း အလယ်ပိုင်းရောက်လျှင် ၄၀ ဒီဂရီထက် ကျော်လွန်တတ်ကြောင်းနှင့် ထိုသို့ ကျော်လွန်နိုင်သော ဒေသများမှာ မကွေး၊ ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီတို့ဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် အပူဆုံးစံချိန်မှာ ၂၀၁၀ ပြည့်နှစ်၊ မေလက မြင်းမူတွင် ဖြစ်ပွားခဲ့ပြီး ၄၇ ဒသမ ၂ ဒီဂရီ စင်တီဂရိတ် ရှိခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။
ထို့ပြင် အယ်လ်နီညိုကြောင့် နွေရာသီ ရေပြတ်လပ်နိုင်မည့် ဒေသသည် ၂၀၁၆ ခုနှစ်တွင် ၂၀၁၅ ခုနှစ်ထက် သုံးဆကျော် ပိုများနိုင် ပြီး မြို့နယ်ပေါင်း ၁၇၃ မြို့နယ်၊ ကျေးရွာပေါင်း ၁,၇၅၀ ကျော် ရေပြတ်လပ်မှုအန္တရာယ် ကြုံတွေ့ နိုင်သည်ဟု ကျေးလက်ဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ဒေါက်တာထွန်းလွင် က ပြောသည်။ http://myanmar.mmtimes.com/