ချစ်သူနဲ့ရန်ဖြစ်ပြီး ကိုယ့်ကိုယ်ကို အဆုံး စီရင်ခဲ့တဲ့ လသာမြို့နယ် မှ ဖြစ်ရပ်
07 Mar 2016 1,482 Views

လသာမြို့နယ် မဟာ ဗန္ဓုလလမ်းနှင့် စဥ့်အိုးတန်းလမ်း ထောင့် ပတ်ကားရွှေဆိုင်အနီး Donut King ကော်ဖီဆိုင်ရှေ့တွင် အမျိုးသားတစ်ဦး ချစ်သူဟောင်းအမျိုးသမီးနှင့် စကားများရာမှ မိမိ ကိုယ်ကိုယ် ဓားဖြင့်ထိုးကာ သေဆုံးခဲ့သည့် အမှုဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။
မတ်လ ၆ ရက် မွန်းလွဲ ၁ နာရီကျော်တွင် ၎င်းတို့နှစ်ဦး စကား များရာမှ အသက်(၂၄)နှစ်အရွယ် အမျိုးသားက မိမိရင်အုံကို ဓားဖြင့်ထိုးသွင်းကာ အဆုံးစီရင်ခဲ့သည် ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူး ဒုရဲမှူးကြီးကျော်ထွဋ်က ပြော သည်။
‘‘သူတို့နှစ်ယောက် အရင် တုန်းက ရည်းစားတွေ ဖြစ်ခဲ့ဖူး တယ်။ လွန်ခဲ့တဲ့ သုံး၊ လေးလ လောက်က ပြတ်သွားတယ်။ ကောင်လေးက ကောင်မလေးကို တွေ့ဖို့ချိန်းတယ်။ ညှိတာအဆင် မပြေတော့ ပါလာတဲ့အိမ်သုံးစတီး ဓားနဲ့ထိုးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာပါ။ ဆေးရုံ အ ရောက်မှာပဲ သေဆုံးသွားတယ်’’ ဟု အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ မှူးဒုရဲမှူးကြီး ကျော်ထွဋ်က ပြော ကြားသည်။
မိမိကိုယ်ကိုယ် ဓားဖြင့် ထိုး ကာ သတ်သေခဲ့သည့် အမျိုးသား သည် ကော်ဖီဆိုင်အတွင်းမှ ထွက် လာပြီးနောက် ဘယ်ဘက်ရင်အုံ တွင် ဓားဒဏ်ရာဖြင့် ကားလမ်းကူးရင်း သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦး က ပြောသည်။
သေဆုံးသူ အမျိုးသားသည် ဒလမြို့နေသူဖြစ်ပြီး မိမိကိုယ် ကိုယ် ဓားဖြင့် မထိုးမီအချိန်တွင် ဆိုင်အတွင်း တစ်ရှူးစာရွက်၌ ‘‘အဖေနဲ့ အမေ သားကို ခွင့်လွှတ်ပါ။ သားကိုင်တဲ့ဖုန်း ညီလေးကို ပေးလိုက်ပါ’’ဟု ရေးသားခဲ့ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။
အဆိုပါမိမိကိုယ်ကိုယ် သတ်သေသွားသူအမျိုးသားကို လသာ မြို့မရဲစခန်းက သေမှုသေခင်းဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရ သည်။