မော်ဒယ် သီရိကိုကိုနိုင် နှင့်အတူ အိမ်အကူ မိန်းကလေးအား နှိပ်စက်ခဲ့ သူကို ပြစ်ဒဏ် ချမှတ်လိုက်ပြီ
29 Feb 2016 1,641 Views

အသက် (၁၄)နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်ကို ဗီဒီ ယိုသရုပ်ဆောင်၊ မော်ဒယ် သီရိကိုကိုနိုင်နှင့်အတူ နှိပ်စက်ခဲ့သည့် ကိုကြည်လှမြင့်အား အလုပ်နှင့် ထောင်ဒဏ်သုံးနှစ် ကျခံစေရန် ဗဟန်းမြို့နယ် တရားသူကြီးက ဖေဖော်ဝါရီ ၂၆ ရက်တွင် အမိန့် ချမှတ်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ အသက် (၃၀)အရွယ် ကိုကြည်လှမြင့်အား အပြင်းအထန်နာကျင်စေမှု၊ အား ပေးကူညီမှု ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမိန့်ချမှတ်ခဲ့ပြီး ချုပ်ရက်ကာလ များကို ထုတ်နုတ်ခံစားစေရန် အ မိန့်ချမှတ်ခြင်းဖြစ်သည်။
သီရိကိုကိုနိုင်၏ နေအိမ်မှ အိမ်အကူမိန်းကလေးငယ်မှာ နှိပ်စက်ခံရမှုများကြောင့် ယာလက်ကောက်ဝတ် ပြင်းထန်ဒဏ်ရာ၊ မျက်နှာ၊ မျက်စိနှင့် အခြားနေရာများ၌ ဒဏ်ရာများရရှိခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းကြောင့် တစ်နှစ်ကျော်အကြာတွင် အမိန့် ချလိုက်ခြင်းဖြစ်သည်။
ဗဟန်းမြို့နယ် ကိုယ့်မင်း ကိုယ့်ချင်းရပ်ကွက်တွင် အတူနေ ထိုင်သည့် ကိုကြည်လှမြင့်နှင့် မသီရိကိုကိုနိုင်တို့မှာ အသက် (၁၄)နှစ်အရွယ် အိမ်အကူ မိန်းက လေးကို ညှဉ်းပန်းနှိပ်စက်မှုဖြင့် ၂၀၁၄ နိုဝင်ဘာလကတည်းက တရားစွဲဆို ခံထားရခြင်းဖြစ်ပြီး မသီရိကိုကိုနိုင်သည် ထွက်ပြေး တိမ်းရှောင်နေဆဲဖြစ်သည်။
ဗဟန်းမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် အမိန့်ချ မှတ်ခဲ့သည့်အပေါ် ကိုကြည်လှ မြင့်၏ မိသားစုဝင်များက တစ်လ အတွင်း အနောက်ပိုင်းခရိုင်တရား ရုံး၌ အယူခံဝင်မည်ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
ဝက်သားဟင်းချက်ရာတွင် ဟင်းအိုးတူးခဲ့ခြင်းနှင့် နေအိမ်၌ မွေးထားသည့် ခွေးမလေးသေဆုံး ခြင်းတို့ကြောင့် အိမ်အကူမိန်းက လေးငယ်ကို မသီရိကိုကိုနိုင်က ဆီပူအိုးအတွင်းသို့ လက်နှစ်ခဲ့ခြင်း၊ ကိုကြည်လှမြင့်က ရိုက်နှက်ခဲ့ခြင်း စသည့် ညဉ်းပန်းနှိပ်စက်ခြင်းများ စစ်ဆေးပေါ်ပေါက်ခဲ့ သည်။