WHO က ဇီကာ ဗိုင်းရပ်စ်ကို အရေးပေါ်အခြေနေ ကြေညာပြီ
02 Feb 2016 1,478 Views
ခြင်ကနေ ပေါက်ဖွားလာတဲ့ ဇီကာ ဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးအတွက် စိုးရိမ်စရာ ဖြစ်တာကြောင့် အရေးပေါ် အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကြေညာလိုက်ပါတယ်။
ဂျီနီဗာမှာ ဇီကာဗိုင်းရပ်စ်နဲ့ ဆက်စပ်ပြီး အစည်းအဝေးပြုလုပ်တုန်းမှာပဲ WHO က အရေးပေါ် အခြေအနေ ကြေညာလိုက်တာပါ။
ရောဂါကူးစက်ခံရမှုကို အမြန်ဆုံးသိအောင်လုပ်ဖို့၊ ကာကွယ်ဆေးတွေ အမြန်ဆုံး ဖော်စပ်နိုင်အောင် လုပ်ဖို့နဲ့ ဇီကာ ရောဂါဟုတ်မဟုတ်ဆိုတာကို သေခြာ သိရှိနိုင်အောင် လုပ်ဆောင်ဖို့တွေကို အမြန်ဆုံး လုပ်ရမယ်လို့ အရေးပေါ် ကော်မတီက သဘောတူခဲ့ကြတယ်လို့ WHO ရဲ့ ဒါရိုက်တာ မာဂရက်ချန် က ပြောပါတယ်။
ဒါပေမဲ့ ဇီကာကြောင့် ခရီးသွားလာရေး ကန့်သတ်တာတွေ၊ ကုန်သွယ်ရေး ကန့်သတ်တာမျိုးတွေ လုပ်ဖို့ အလိုဘူးလို့ ဆိုပါတယ်။
သီးသန့်လွတ်လပ်တဲ့ ကျန်းမာရေး ပညာရှင်တချို့ကတော့ ဇီကာဗိုင်းရပ်စ်အပေါ် ကုလသမဂ္ဂရဲ့ တုန့်ပြန်မှုဟာ နှေးကွေးလွန်းတယ်ဆိုပြီး ဝေဖန်နေကြပါတယ်။
အာဖရိကနိုင်ငံ တချို့မှာ ဖြစ်ခဲ့တဲ့ အီဘိုလာ ရောဂါတုန်းကလည်း ကုလသမဂ္ဂရဲ့ တုန့်ပြန်မှုတွေ နှေးကွေးလို့ လူတစ်သောင်းတောင် သေဆုံးရတယ်လို့ ဝေဖန်ကြပေမယ့် ဒီတချီမှာတော့ အီဘိုလာတုန်းကလောက် အချိန်မဆွဲဘူးလို့လည်း ပြောဆိုနေကြပါတယ်။
အရင်တပါတ်တုန်းကပဲ WHO အဖွဲ့က အမေရိကတိုက်မှာ လူပေါင်း ၄ သန်းလောက်အထိ ရောဂါ ကူးစက်ခံရနိုင်တယ်လို့ ပြောဆိုထားပါတယ်။
အဆိုးဝါးဆုံးကတော့ ဘရာဇီးလ်နိုင်ငံမှာ ဖြစ်နေပြီး ဘရာဇီးလ်နိုင်ငံ Rio de Jeneiro မြို့မှာ သြဂုတ်လကြရင် အိုလံပစ် အားကစားပွဲ ကျင်းပမှာ ဖြစ်လို့ ကူးစက်မှုတွေ ပိုဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်မှာ ဇီကာပိုး ကူးစက်ခံရရင် Microcephaly မိုက်ကရိုကက်ဖလီလို့ခေါ်တဲ့ ဦးနှောက်သေးတဲ့ ကလေးတွေ မွေးလာစေနိုင်ပါတယ်။
အခုလောလောဆယ် နိုင်ငံပေါင်း ၂၄ နိုင်ငံလောက်မှာ ရောဂါ ကူးစက်မှု ဖြစ်နေပြီး ဘရာဇီးလ်နိုင်ငံမှာ လအနည်းငယ်အတွင်း လူပေါင်း ၄ဝဝဝ မှာ ကူးစက်ခံထားရပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဦးထွန်းလွင်ကတော့ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ် အားကောင်းတဲ့ နှစ်တွေမှာ ကျန်းမာရေး ဆိုးဝါးမှုတွေ ဖြစ်တာကို သတိထားမိတယ်လို့ ပြောဆိုထားပါတယ်။
ကမ္ဘာ့လူဦးရေရဲ့ ၃%ကနေ ၅% အထိ သေဆုံးစေခဲ့တဲ့ H1N1 ဖျားနာကူးစက်ရောဂါပိုးဟာ ၁၉၁၈ ကနေ ၁၉၂၀ ပြည့်နှစ်မှာ ဖြစ်ပွားခဲ့ပြီး အဲဒီအချိန်တုန်းက အားကောင်းတဲ့ အယ်လ်နီညိုနှစ်ဖြစ်ခဲ့သလို ၂၀၁၅-၂၀၁၆ ခုနှစ်ဟာလည်း အားကောင်းတဲ့ အယ်လ်နီညိုနှစ် ဖြစ်တယ်လို့ ဦးထွန်းလွင်ရဲ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese