လျှပ်စစ်ရထား ဘေးအန္တရာယ်ကင်းဖို့  မြန်မာ့မီးရထားနဲ့ ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်နေ
07 Jan 2016 1,400 Views
လာမယ့် ဇန်န၀ါရီလ (၁၀) ရက်နေ့ မှာ စတင်ပြေးဆွဲမယ့် ရန်ကုန်မြို့ တွင်း လျှပ်စစ်ရထားကို အများပြည်သူဘေးအန္တရာယ်ကင်းကင်းစီးနိုင်ဖို့ နဲ့  အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတွေဖြစ်ဖို့ အရေးကြီးနေတဲ့အတွက် ဒါကို သက်ဆိုင်ရာဌာနတွေနဲ့  ပူးပေါင်းလုပ်ဆောင်နေတယ်လို့  မြန်မာ့မီးရထားတာဝန်ရှိသူတွေက ပြောပါတယ်။ လျှပ်စစ်ရထားပြေးမယ့် ရန်ကုန်ကမ်းနား တလျှောက် ဖြတ်သန်းသွားလာသူများပြီး ကွန်တိန်နာကားနဲ့  ဆိပ်ကမ်းလာယဉ်ကြီးများရှိနေတဲ့အတွက် ထင်မထားတဲ့ ဘေးအန္တရာယ်တွေကြောင့် ဒီလိုပူးပေါင်းဆောင်ရွက်မယ်လို့  သိရပါတယ်။ လျှပ်စစ်ကြိုး အမြင့် (၁၉) ပေကျော်မှာမို့  ကွန်တိန်နာကားတွေအထိ လွတ်လွတ်လပ်လပ်သွားလာနိုင်ပေမယ့် လျှပ်စစ်ဓါတ်တိုင် တချို့ ကတော့ ကားလမ်းအလယ်မှာရှိနေလို့  အကာအကွယ်လုပ်ဖို့ လိုအပ်နေတာပါ။ အခုတော့ ဘလောက်တုံးတွေကို ရထားဂိတ်ဝန်းကျင်နဲ့ အန္တရာယ်ရှိတဲ့ကွေ့ တွေမှာ နေရာချဖို့ ပြင်ဆင်နေတာပါ။ ဒါအပြင် အခုပြေးဆွဲမယ့် လျှပ်စစ်ရထား TRAM (ထရန်) ဟာ အရင်က ကမ်းနားလမ်းမှာ ပြေးဆွဲနေတဲ့ RBE ရထားထက် နှစ်ဆကျော် မြန်နှုန်းမြင့်ပြီး တစ်နာရီ (၁၂) မိုင်ဝန်းကျင်လောက် မောင်းနှင်နိုင်မယ်လို့  သိရပါတယ်။ ဒါကြောင့် ကမ်းနားလမ်းသစ်တလျှောက်က ဈေးသည်တွေကိုလည်း စည်ပင်သာယာရေး ကော်မတီ ၊ ဆိပ်ကမ်းရဲတပ်ဖွဲ့ တို့  ရှင်းလင်းနေသလို မြန်မာ့မီးရထားအပါအ၀င် ယာဉ်ထိန်းရဲတွေကတော့ လမ်းကြောင်း ဆာဗေးလုပ်နေပါတယ်။