ရုရှားအတိုက်ခံခေါင်းဆောင် Navalny မော်စကိုလေဆိပ်ရောက်ရောက်ခြင်း အဖမ်းခံရ
18 Jan 2021 1,629 Views

အဆိပ်မိလို့ ဂျာမနီမှာ ၅ လကြာ ဆေးဝါးကုသမှုခံယူခဲ့ရတဲ့ ရုရှားအတိုက်ခံခေါင်းဆောင် Alexei Navalny ဟာ ရုရှားကိုပြန်ဖို့အတွက် ပြီးခဲ့တဲ့ နာရီပိုင်းကပဲ ဂျာမနီကနေ လေယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ အခုမော်စကို လေယာဉ်ကွင်းကိုရောက်တာနဲ့ သူ့ကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
မော်စကိုမြို့ရှိ Sheremetyevo လေဆိပ် နိုင်ငံကူးလက်မှတ်စစ်ဆေးရေးဂိတ်ကို အဖြတ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ ဒီလိုအဖမ်းခံရလိမ့်မယ်လို့ အာဏာပိုင်တွေက သတိပေးထားတဲ့ကြားက သူဟာ ရုရှားကို ပြန်လာခဲ့တာဖြစ်ပါတယ်။ သူ့ကို ဒီလိုဖမ်းမယ်လို့ ရုရှား အကျဉ်းထောင်အာဏာပိုင်တွေကကြိုပြောထားပါတယ်။
ဒီအမှု (အဆိပ်ခပ်မှု)အတွက် သမ္မတပူတင်နဲ့ ကရင်မလင် တာဝန်ရှိသူတွေကို အတိုက်ခံခေါင်းဆောင်က စွပ်စွဲထားပေမယ့် အခုဖမ်းဆီးမှုကတော့ အရင် ၂၀၁၂ ခုနှစ် အာမခံနဲ့လွှတ်ထားတဲ့ ပြစ်မှုအတွက် ဖမ်းဆီးတာလို့ ဆိုပါတယ်။ သူ့ကို တရားရုံးထုတ်တဲ့အထိ ထိမ်းသိမ်းထားမှာဖြစ်တယ်လို့ အကျဉ်းထောင်အရာရှိတွေကပြောပေမယ့် တရားရုံး ဘယ်တော့ ထုတ်မလဲဆိုတာကိုတော့ ပြောမသွားပါဘူး။ အရင်ပြစ်မှုအတွက် ၃ နှစ်ခွဲ အပြစ်ကျန်နေသေးတယ်လို့ဆိုပါတယ်။
အသက် ၄၄ နှစ်အရွယ် Navalny ဟာ သမ္မတပူတင်ကို ဝေဖန်တဲ့ အဓိက အတိုက်ခံခေါင်းဆောင်တဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၆ လလောက်ကတော့ အဆိပ်မိပြီး အခြေအနေအတော်ဆိုးတဲ့အတွက် ဂျာမနီကို ဆေးကုဖို့ အရေးပေါ်ထွက်ခွာခဲ့ရပါတယ်။ အခု ဂျာမနီမှာ ၅ လကြာဆေးကုပြီး နေရပ်သို့အပြန်မှာ အခုလို အဖမ်းခံလိုက်ရတာဖြစ်ပါတယ်။
One News