တရုတ်နိုင်ငံမှာ ရွာသူရွာသား နှစ်သောင်းကျော်ကို ကွာရန်တင်းစခန်းသွင်း
15 Jan 2021 1,606 Views

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံ Gaocheng ဒေသရှိ ရွာပေါင်း ၁၂ ရွာက ဒေသခံလူထု နှစ်သောင်းကျော်ကို ကွာရန်တင်းစခန်းဆီ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့လိုက်တယ်လို့ အစိုးရပိုင် မီဒီယာက ကြေညာပါတယ်။ အမျိုးသားကျန်းမာရေးကော်မရှင် (NHC)က Tong Zhaohui ရဲ့ပြောကြားချက်အရ ဗိုင်းရပ်စ်ရှိသူနဲ့ မရှိသူကို သီးခြားခွဲထားချင်တာကြောင့် အခုလို ကွာရန်တင်းစခန်းသစ်ဆီ လူတွေကို သောင်းနဲ့ချီပြောင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
Gaocheng ဒေသရဲ့မြို့တော် Shijiangzhuang ဟာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ကူးစက်မှုရဲ့ ဗဟိုဖြစ်နေတာပါ။ ဒီမြို့ဟာ Hebei ပြည်နယ်ထဲမှာရှိပြီး မြို့တော် ပီကင်းနဲ့ နယ်စပ်ခြင်းထိနေတဲ့ ဒေသလည်းဖြစ်ပါတယ်။ NHC ရဲ့စာရင်းအရ Hebei ပြည်နယ်မှာ ဗုဒ္ဓဟူးနေ့က ဗိုင်းရပ်စ်ကူးသူ ၁၃၈ ဦးရှိပါတယ်။ အဲဒီထဲမှာ ၁၄ ဦးက ပြင်ပကလာသူတွေဖြစ်ပြီး ၁၂၄ ဦးက ဒေသတွင်း ကူးစက်မှုဖြစ်ပါတယ်။ Hebei ပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူး Xu Jianpei က Shijiazhuang, Xingtai နဲ့ Langfang မြို့ ၃ မြို့မှာ အစုအပြုံလိုက် ကိုဗစ်ရှိ မရှိ ဆေးစစ်မယ်လို့ ကြေညာခဲ့ပြီး လူပေါင်း ၁၇ သန်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဆေးစစ်ခဲ့ပါတယ်။
Shijiazhuang မြို့က ၃၃ ဟက်တာ အကျယ်ရှိတဲ့ မြေကွက်မှာ ကျန်းမာရေးစင်တာတွေ ဆောက်လုပ်နေပြီး လူနေတန်းလျား ၃,၀၀၀ ပြီးစီးနေပြီလို့သိရပါတယ်။ အခု ရွာသား နှစ်သောင်းကျော်ကို အဲဒီနေရာသစ်ဆီ ယာယီပြောင်းရွှေခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ လူနာတစ်ဦး ထပ်သေဆုံးတဲ့အတွက် ဒါဟာ ရက်ပေါင်း ၂၄၂ ရက်အတွင်း Hebei ပြည်နယ်ရဲ့ ပထမ ဆုံးသေဆုံးမှုဖြစ်ပါတယ်။
Source: CNN One News