မြောင်းမြမြို့ ပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီး
28 Dec 2020 1,579 Views
မြောင်းမြခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဒေသတွင်း ကူးစက်မှုများ ရှိလာသဖြင့် ကိုဗစ်-၁၉ အရေးပေါ် လူနာများထားရှိသည့် Isolation Ward အား အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျက်ရှိရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဆောက်အဦ ပြင်ဆင်ခြင်းကို မြောင်းမြမြို့နှင့် အခြားဒေသမှ အလှူရှင်များ၊ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်၏ ကူညီ ဆောင်ရွက်မှုများနှင့် ဌာနရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပုသိမ်ဆေးရုံကြီးရှိ Isolation Ward အား သွားရောက်လေ့လာ၍ အလားတူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ Isolation Ward ၌ လူနာ(၈)ဦး ထားရှိကုသနိုင်ပြီး အောက်ဆီဂျင် ပေးသည့် စနစ်ကို အဆောက်အဦအပြင်မှ အတွင်းပိုင်းသို့ ပိုက်လိုင်း သွယ်တန်း ပေးသည့်စနစ် ဆောင်ရွက်ထားရှိကြောင်း၊ လူနာများ အောက်ဆီဂျင် အခက်အခဲ မရှိစေရေးအတွက် (၄၀)လီတာဆံ့ အောက်ဆီဂျင်ဗူး(၁၀၀)ခန့် အသင့်စီစဉ်ထားရှိကြောင်း၊ ကုသရေးသုံး ပစ္စည်းများကိုလည်း အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ကြောင်း၊ ဒီဇင်ဘာ (၂၆)ရက်နေ့မှ စကာ ကိုဗစ်-၁၉ အရေးပေါ် လူနာများအား အဆင့်မြင့်ကုသရေး ပစ္စည်းများ အသုံးပြု၍ စတင်ကုသပေးလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ နှစ်ဆန်းဦး၏ ပြောကြားချက်အရ သိရသည်။
စန္ဒာကြည် (ပြန်/ဆက်)