BEC-TERO TV

မတော်တဆလမ်းမှားပြီးပျောက်ဆုံးသွားသောခွေးကလေး ကီလိုမီတာ ၆၀ (၃၇ မိုင်)ခန့် ခရီးကိုကျော်ဖြတ်ပြီး အိမ်ပြန်လာခဲ့

03 Nov 2020     1,515 Views


တရုတ်ပြည်ဒေသတွင်းသတင်းဌာနတစ်ခုသည် မတော်တဆလမ်းမှားပြီးပျောက်ဆုံးသွားသော သစ္စာရှိခွေးလေးတစ်ကောင်၏ အိမ်ပြန်ခရီးအကြောင်းအရာလေးကို စိတ်ဝင်စားစရာ ဖော်ပြထားပါတယ်။ အသက် ၇ နှစ်အရွယ် “တိုတို” အမည်ရှိ အဖြူရောင်အမွေးထူထူခွေးအထီးတစ်ကောင်သည် တရုတ်ပြည်အရှေ့ပိုင်း ရှီဂျင်းပြည်နယ်၊ ဟန်ဂျိုးမြို့နေထိုင်သော မိသားစုတစ်စုရဲ့ အချစ်တော်ခွေးလေးတစ်ကောင်ဖြစ်ပြီး သခင်ဘယ်သွားသွား သူ့ကိုအမြဲတမ်း ခေါ်သွားလေ့ရှိတယ်။

တစ်နေ့တွင် မိသားစုအလည်ခရီးသွားရင်း အပြန်လမ်းမှာ အိမ်ကနေ ကီလိုမီတာ ၆၀(၃၇ မိုင်) ခန့်အကွာရှိသော ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ ကားဆီဖြည့်ရန် ကားထိုးရပ်လိုက်ပါတယ်။ ထိုအခါ မိသားစုဝင်များ အိမ်သာသွားရင်း ကားပေါ်ဆင်းကြတဲ့အချိန်မှာ ခွေးကလေးကလည်း အောက်လိုက်ဆင်းသွားပါတယ် ။ အားလုံးကိစ္စပြီးသွားပြီး ကားပေါ်ပြန်တက်တဲ့အချိန်မှာတော့ ခွေးလေးက ပါမလာဘဲ သခင်ဖြစ်သူဇနီးမောင်နှံကလည်း ကလေးနဲ့ပဲအလုပ်တွေရှုပ်နေလို့ သေချာသတိမထားမိဘဲ သူကားပေါ်ပြန်ရောက်နေပြီလို့ထင်ပြီး ခရီးဆက်ထွက်လိုက်ပါတယ်။

အိမ်ပြန်ရောက်မှ ခွေးလေးက ပါမလာဘူးလို့သိသွားပြီး နောက်တစ်နေ့တွင် ထိုဓါတ်ဆီဆိုင်သို့ပြန်သွားပြီး လိုက်ရှာကြရာ ၂ နာရီကြာရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပါဘူး အကြိမ်ပေါင်းများစွာလည်း ထပ်ပြန်သွားရှာခဲ့ပေမယ့် ပြန်မတွေ့ခဲ့ပါဘူး။ သူ့ကိုပြန်တွေ့ရန် မျှော်လင့်တကြီးနှင့် မကြာခဏပြန်သွားရှာခဲ့သော်လည်း မတွေ့သောအဆုံး ကံမကုန်ရင်ပြန်ဆုံကြမယ်မျှော်လင့်ချက်နှင့် ဆုတောင်းပေးတာကလွဲလို့ ဘာမှမတတ်နိုင်ဘူးလို့ သခင်ဖြစ်သူက စိတ်မကောင်းစွာပြောဆိုလာပါတယ်။

ထိုကာလတလျှောက်လုံးလုံးမှာ ခွေးလေးသည် ကားများရှုပ်ရှက်ခတ်ပြေးလွားနေတဲ့အဝေးပြေးလမ်းမကြီးကို တစ်လနီးပါးကြာ လမ်းလျှောက်လာရပြီး၊ သူ့ရဲ့ဖြူစင်တဲ့အမွေးအမျှင်လေးကနေ မှေးမှိန်အရောင်အသွင်ပြောင်းလဲညစ်ပတ်သွားစေသော ခရီးကြမ်းတစ်ခုကိုကျော်ဖြတ်လာပြီး နောက်ဆုံးမှာတော့ အိမ်အရောက်ပြန်လာနိုင်ခဲ့ပါတယ်။ ၂၆ ရက်ကြာပျောက်ဆုံးသွားပြီးနောက် ပေတီးပေစုတ်ညစ်ပေနေတဲ့ လမ်းဘေးခွေးတစ်ကောင်လို အိမ်အရှေ့မှာ ရောက်လာနေတဲ့ခွေးလေးတစ်ကောင်ကို မြင်သွားတဲ့သူ့သခင်အား အလွန်အံ့အားသွားစေပါတယ်။

တစ်ကိုယ်လုံးညစ်ပတ်နေပြီး ပိန်ကပ်ကပ်ဖြစ်နေသော်လည်း မြင်မြင်ချင်း သူ့ကိုမှတ်မိတယ်လို့လည်း ဆိုထားပါတယ်။ အစာရေစာငတ်ပြတ်၍ အားတွေနည်းပြီး အနည်းငယ်ထော့နဲ့ထော့နဲ့လမ်းလျှောက်နေတာကလွဲလို့ အခြားကျန်းမာရေးအခြေအနေ အားလုံးအကောင်းရှိနေပြီး အိမ်ပြန်ရောက်လာသောခွေးလေးကို မိသားစုဝင်များအားလုံးက မျက်ရည်ကျရလောက်အောင် ဝမ်းသာပျော်ရွှင်ကြပြီး သူ့ကို ပိုမိုဂရုစိုက်ပေးသွားမယ်လို့ ပြောသွားပါတယ်။

အခုလို လမ်းပျောက်ပြီးမှအိမ်ပြန်လာနိုင်တဲ့ခွေးလေးရဲ့ကြိုးစားမှုအပေါ် အလွန်အံ့အားဖို့ကောင်းတယ်လို့ ကျွမ်းကျင်သူများက ဆိုထားပြီး၊ အချစ်တော်ခွေးလေးမွေးမြူတဲ့ မိသားစုများ သူတို့ကိုသေချာဂရုစိုက်ပေးကြရန် တိုက်တွန်းထားပါတယ်။ ဘာလို့လဲဆိုတော့ အခုလိုအဖြစ်အပျက်မျိုး ခွေးတိုင်းမှာ ကံမကောင်းနိုင်ဘူးလို့ အကြံပြုထားပါတယ်။

#popolay #popolaytv #popolaynews


03 Nov 2020     1,515 Views




RELATED

Most Popular of International News

Most Popular of NEWS