တူရကီ-ဂရိ ငလျင်ဘေး - လူ ၅၇ ဦး သေဆုံး
02 Nov 2020 1,446 Views
အောက်တိုဘာ ၃၀ ရက်က တူရကီနဲ့ ဂရိကို အေဂျီယန်ပင်လယ် ငလျင် ရိုက်ခတ်ခဲ့ပြီး ၃၄ နာရီအကြာမှာ အနည်းဆုံး လူ ၅၇ ဦး အသက်ဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ တူရကီရဲ့ တတိယအကြီးဆုံးမြို့ Izmir က ပြိုကျပျက်စီးနေတဲ့ အဆောက်အဦ ၉ ခုမှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ရာမှာ လူသေလောင်းတွေ ပိုတွေ့လာခဲ့ပါတယ်။
ဒီငလျင်ကြောင့် Izmir မြို့မှာ သေဆုံးသူ ၅၅ ဦး ရှိပြီဖြစ်ပြီး ၉၀၀ နီးပါး ဒဏ်ရာရတယ်လို့ တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca က ပြောပါတယ်။ ဂရိနိုင်ငံပိုင် Samos ကျွန်းမှာတော့ ဆယ်ကျော်သက်နှစ်ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရပါတယ်။ ဒီငလျင်ပြင်းအားနဲ့ ပတ်သက်လို့ ဝိဝါဒကွဲနေပါတယ်။
ငလျင်ဟာ ရစ်ချ်တာစကေး ၇ ပြင်းအားရှိတဲ့လို့ အမေရိကန် ဘူမိတိုင်းတာရေးဌာန USGSက တိုင်းတာသတ်မှတ်ပြီး တူရကီ ငလျင်သုတေသနဌာန Istanbul Kandilli Institute က ၆ ဒသမ ၉ လို့ သတ်မှတ်ပါတယ်။ တူရကီ ဘေးအန္တရာယ်စီမံရေးဌာန Disaster and Emergency Management Presidency (AFAD) ကတော့ ၆ ဒသမ ၆ လို့ သတ်မှတ်ပြန်ပါတယ်။ အဆိုးရွားဆုံး ထိခိုက်တဲ့ အဆောက်အဦ ၂၆ ခုကို ဖြိုချပစ်မယ်လို့ တူရကီဒု-သမ္မတ Fuat Oktay က ပြောပါတယ်။ “ငလျင်ကြောင့် လူသေတာမဟုတ်ဘူး၊ အဆောက်အဦက သတ်တာ။” လို့ ဒုသမ္မတကပြောပါတယ်။
တူရကီမှာ ဟောင်းမြေ့နေတဲ့ အဆောက်အဦတွေ၊ ဈေးပေါပေါနဲ့ ဆောက်ထားတဲ့ တရားမဝင် အဆောက်အဦတွေ ရောနေတာမို့ ငလျင်လှုပ်ရင် ပြင်းပြင်းထန်ထန် ထိခိုက်သေဆုံးရတာပါ။ ငလျင်ကယ်ဆယ်ရေးမှာ လူ ၅,၇၀၀ ကျော် ပါဝင်ဆောင်ရွက်နေပြီး အစားအစာဝေငှရေးနဲ့ အရေးပေါ်အကူအညီ အတွက် လူရာချီ ဆောင်ရွက်နေတယ်လို့ ဘေးအန္တရာယ်စီမံရေးအဖွဲ့က ဆိုပါတယ်။ ကမ္ဘာမြေပြတ်ရွေ့ကြောပေါ် တည်ရှိနေတဲ့ တူရကီမှာ ငလျင်လှုပ်လေ့ရှိပါတယ်။ ၁၉၉၉ ငလျင်ကြီးကြောင့် တူရကီ အနောက်မြောက်ပိုင်းမှာ လူ ၁၈,၀၀၀ လောက် အသက်ဆုံးခဲ့ပါတယ်။ ဂရိမှာလဲ ငလျင် မကြာခဏလှုပ်ပါတယ်။
Source : AP