ဖိလစ်ပိုင်၌ ဂိုနီတိုင်ဖုန်းကြောင့် ၁၀ ဦးထက်မနည်း သေဆုံး၊ ၃၄၆၀၀၀ ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ
02 Nov 2020 1,466 Views
ဂိုနီတိုင်ဖုန်းမုန်တိုင်းက ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားသည်။ ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက် တိုက်ခတ်ခဲ့သည့် တိုင်ဖုန်းမုန်တိုင်းများအနက် အင်အား ပြင်းထန်ဆုံးဖြစ်သည့် ဂိုနီတိုင်ဖုန်းသည် တစ်နာရီလျှင် ၂၂၅ ကီလိုမီတာနှုန်းဖြင့် ယမန်နေ့အစောပိုင်းက လူဇွန်ကျွန်း ပေါ်ရှိ ကာတာဒွန်းစ်ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ နေအိမ်ခေါင်မိုးလှန်မှုများ၊ သစ်ပင်လဲကျမှုများနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဂိုနီတိုင်ဖုန်းသည် လူဦးရေအထူထပ်ဆုံးဖြစ်သော လူဇွန်ကျွန်းမှ မြို့တော်မနီလာဘက်ဆီသို့ ဦးတည် ရွေ့လျားနေစဉ် စူပါတိုင်ဖုန်းအဆင့်မှ အင်အားပျော့ လာကြောင်း ဒေသဆိုင်ရာ မိုးလေဝသဦးစီးဌာနက ပြောကြားသည်။ သို့သော် မနီလာမြို့အနီးရှိ ပြည်နယ် များအပါအဝင် ဂိုနီတိုင်ဖုန်းဖြတ်သန်းသွားသည့် ဒေသ များတွင် လေပြင်းတိုက်ခတ်မှုများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများဖြစ်ပွားနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးလိုက်သည်။
ပြီးခဲ့သည့် သီတင်းပတ်က လူဇွန်ကျွန်းပေါ်၌ မိုလာ့ဗ်တိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ၂၂ ဦး သေဆုံးကာ စိုက်ခင်းမြေ ဟက်တာပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ ဂိုနီတိုင်ဖုန်း မုန်တိုင်း ထပ်မံဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်သည်။ ဂိုနီတိုင်ဖုန်းကြောင့် အယ်လ်ဘေးပြည်နယ်၌ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး အယ်လ်ဖရန်စစ်ဘီချာရာက ဒေသ ဆိုင်ရာရေဒီယိုအသံလွှင့်ဌာနသို့ ပြောကြားသည်။
သေဆုံးသူများအနက် သုံးဦးက မြစ်ထဲတွင် မျောပါ သွားပြီး ကျန်တစ်ဦးသည် သစ်ပင်လဲကျမှုကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် လေပြင်းတိုက်ခတ်မှုကြောင့် ခိုလှုံရေး စခန်းများ၏ ခေါင်မိုးများ လှန်သွားပြီး ခိုလှုံစခန်းများ၌ နေထိုင်သူများသည် မြေညီထပ်သို့ ပြောင်းရွှေ့ခဲ့ကြ ကြောင်း၊ ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ကျေးရွာအများအပြား ကိုလည်း ရေလျှံမှုက လွှမ်းမိုးထားသည့်အပြင် ကားလမ်းများကိုလည်း သစ်ပင်အကျိုးအပဲ့များနှင့် တောင်ပေါ်မှ လျှောဆင်းလာသည့် အခြားအမှိုက်များ က ပိတ်မိသွားကြောင်း အယ်လ်ဘေးပြည်နယ်မှ ဒေသခံ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။
ကိုးကား - အေအက်ဖ်ပီ
ဘာသာပြန် - ဂျေတီ/The Mirror