မတ္တရာမြို့နယ်တွင် လင်းပိုင်အသေတစ်ကောင် တွေ့ရှိ ယခုနှစ်အတွင်း ရှစ်ကောင် သေဆုံးပြီး သေဆုံးမှုစံချိန်တင်နှစ်ဟုဆို
02 Nov 2020 1,452 Views
မန္တလေးတိုင်း မတ္တရာမြို့နယ် ဧရာဝတီမြစ်အတွင်း သေဆုံးနေသည့် အသက်(၁)နှစ်ကျော်အရွယ် လင်းပိုင်တစ်ကောင်ကို အောက်တိုဘာ ၂၉ ရက်က တွေ့ရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာန၊ မျိုးသုဉ်းရှားပါးရေနေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ ဒုဦးစီးမှူး ဦးဇော်မန်းက ပြောသည်။
မတ္တရာမြို့နယ် သူဌေးကုန်းကျေးရွာအနီးရှိ ဧရာဝတီမြစ်အတွင်း လင်းပိုင်တစ်ကောင် သေဆုံးနေမှုကို ဒေသခံများက ငါးလုပ်ငန်းဦးစီးဌာနကို သတင်းပေးလာခြင်းဖြစ်ကြောင်း ၎င်းက ပြော သည်။ သေဆုံးနေသည့် လင်းပိုင်မှာ အမဖြစ်ပြီး အရှည် ၄ ပေ ၅ လက်မ၊ လုံးပတ် ၂ ပေ ၁၀ လက်မရှိကာ ပြင်ပဒဏ်ရာများ မတွေ့ရှိ ရကြောင်း ဆိုသည်။ ‘‘သေဆုံးနေတဲ့ လင်းပိုင်ကမပုပ်သေးဘူး။ လောလောလတ် လတ်သေဆုံးထားတဲ့ပုံ။
လင်းပိုင်သေတဲ့နေ့ နံနက်ကလည်း ရှော့ခ်တိုက်ငါးဖမ်းလှေတစ်စီး တွေ့ တယ်လို့ ဒေသခံတွေကလည်း ပြောတယ်။ အကောင်ကလည်း (၁)နှစ်သားခန့်ဆို အကောင်ငယ် လေးပဲ၊ ဒဏ်ရာလည်း မရှိဘူး။အဲဒီလိုဆိုတော့ ရှော့ခ်တိုက်ငါး ဖမ်းလှေကြောင့် သေတယ်လို့ ယူဆရတယ်’’ဟု ဦးဇော်မန်းက ပြောသည်။ ယခုနှစ်အတွင်း သေဆုံးခဲ့သော လင်းပိုင်ရှစ်ကောင်ရှိပြီဖြစ် သောကြောင့် လင်းပိုင်သေဆုံးမှု စံချိန်တင်သည့် နှစ်တစ်နှစ်ဟု ၎င်းက ပြောသည်။
လင်းပိုင်သေဆုံးမှု များပြား လာ၍ ငါးလုပ်ငန်းဦးစီးဌာနက လင်းပိုင်ထိန်းသိမ်းရေး ဧရိယာ မင်းကွန်း-ကျောက်မြောင်းကြား ရေကြောင်းကို ပြီးခဲ့သည့် စက် တင်ဘာကစ၍ နေ့၊ ည ကင်းလှည့် ခြင်းများကို တစ်နှစ်စီမံချက်ချ ကာ လုပ်ဆောင်နေသည်။ ကင်းလှည့်ခြင်းများကြောင့် စက်တင်ဘာနှင့် အောက်တိုဘာနှစ်လအတွင်း တရားမဝင်ရှော့ခ် တိုက်ငါးဖမ်းလှေ ၁၁ စီးနှင့် ရှော့ခ် တိုက်ငါးဖမ်းဆီးသူ လေးဦးကို တရားစွဲဆိုနိုင်ခဲ့ကြောင်း ဦးဇော် မန်းက ပြောသည်။
ဧရာဝတီလင်းပိုင်များကို မန္တလေးမှ ဗန်းမော်အထိ နှစ်စဉ်ဖေဖော်ဝါရီ၌ စစ်တမ်းကောက် ယူရာ ၂၀၁၆ တွင် ၆၅ ကောင်၊ ၂၀၁၇ တွင် ၆၉ ကောင်၊ ၂၀၁၈ တွင် ၇၆ ကောင်၊ ၂၀၁၉ တွင် ၇၂ ကောင်နှင့် ၂၀၂၀ တွင် ၇၉ ကောင် တွေ့ရှိခဲ့သည်။ ဧရာဝတီလင်းပိုင်များမှာ သုံးနှစ်လျှင် တစ်ကြိမ်သာ ပေါက်ဖွား ပြီး လူ့ပယောဂကြောင့် နှစ်စဉ်ပျမ်းမျှ ငါးကောင်ဝန်းကျင် သေဆုံးနေ ကြောင်း မန္တလေးတိုင်း ငါးလုပ် ငန်းဦးစီးဌာနမှ သိရသည်။
စည်သူလင်း 7 Day