BEC-TERO TV

Covid 19 အလှူအတွက်အနုပညာရှင်များ၏ပန်းချီကားရောင်းချမှုငွေကျပ် သိန်း(၆၀)နီးပါးရနေ

02 Nov 2020     1,597 Views


Covid 19 အလှူအတွက် အနုပညာရှင်တွေ၊ ပန်းချီပညာရှင်တွေ ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို အွန်လိုင်းကနေ လေလံတင်ရောင်းချနေတဲ့အထဲက ပထမဆုံးလေလံရောင်းချပြီးသွားတဲ့ ပန်းချီဆရာကြီးဦးဝင်းဖေ ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင် နဲ့ သမီးဖြစ်သူပြေသုဒြာတို့ရဲ့ ပန်းချီကား စုစုပေါင်း (၄)ကား ကနေ ငွေကျပ် (၅၇)သိန်း (၅) သောင်းရရှိထားပြီဖြစ်တယ်လို့ အွန်လိုင်းပန်းချီလေလံပွဲကို စီစဉ်သူတစ်ဦးဖြစ်တဲ့ Myanmar Media 7ဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောပါတယ်။

ပန်းချီဆရာကြီး ဦးဝင်းဖေ ရဲ့ “ဖရဲသီးစားကြသူများ”ပန်းချီကား ကနေကျပ်သိန်း (၂၀) (၅)သောင်း ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်ရဲ့ ပန်းချီကားနှစ်ချက် ဖြစ်တဲ့ “Let's not go out ”ပန်းချီကားနဲ့ “ မျှော်လင့်ခြင်းပြတင်းပေါက် ” ပန်းချီကားတွေကနေ ငွေကျပ်သိန်း (၃၀) နဲ့ပြေသုဒြာရဲ့ “Running Free ” ပန်းချီကားကနေ ငွေကျပ် (၇)သိန်း၊ စုစုပေါင်း (၅၇)သိန်း (၅)သောင်း ကျပ်တိတိ ရရှိထားပြီ ဖြစ်တယ်လို့ ဦးဝေမင်းမောင် ကပြောပါတယ်။

“ပန်းချီကိုလေလံဆွဲပေးတဲ့ သူတွေက ခုလိုခက်ခဲတဲ့ ကာလလေးတွေမှာ တကယ့်ကို ပန်းချီကို ချစ်မြတ်နိုးလို့ အနုပညာရှင်တွေကို သူတို့ချစ်လို့ ဝိုင်းပြီးတော့ ဝယ်ပေးနေကြတာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အလှူဒါနလည်းမြောက်ပါတယ်။ လှူတဲ့ပိုက်ဆံကလည်း ထိထိရောက်ရောက် လှူသွားမှာ ဖြစ်တဲ့အတွက် ကုသိုလ်လည်းရပါတယ် ” လို့ ဦးဝေမင်းမောင် ကပြောပါတယ်။ ဆရာကြီးဦးဝင်းဖေရဲ့ "ဖရဲသီးစားကြသူများ"ပန်းချီကားကို လေလံအောင်သွားသူကတော့ သရုပ်ဆောင်အေးဝတ်ရည်သောင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီအွန်လိုင်းပန်းချီလေလံပွဲကို 3Color Facebook page ကနေ တိုက်ရိုက်ထုတ်လွှင့်တာဖြစ်ပြီး အလှူဖြစ်မြောက်ဖို့အတွက် ဒါရိုက်တာ ကိုပေါက် နဲ့အတူ Myanmar Media 7နဲ့ Myanmar Art Center တို့ကပူးပေါင်းပါဝင် စီစဉ်ပေးထားတာ ဖြစ်ပါတယ်။

ပန်းချီကားတွေကတော့ ပန်းချီဆရာကြီး ဦးဝင်းဖေ ၊ ဒါရိုက်တာ ပန်းချီစိုးမိုး ၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ၊ ဒါရိုက်တာ ကိုအောင်မင်းသိမ်း ၊ ဒါရိုက်တာ ကိုပေါက် ၊ တေးရေးတေးဆို ပန်းချီဆရာ နေမျိုးဆေး ၊ဒွေး၊ ပိုင်တံခွန် ၊ အိန္ဒြာကျော်ဇင် ၊တေးရေးဆရာမြင့်မိုးအောင် ၊ဟန်ထူးလွင် ၊ G Latt ၊ ဇော်ဝင်းထွဋ် ၊ ကျားပေါက် ၊ တေးရေးတေးဆို နေဒီလင်း (ဝဏ္ဍကိုလေး) ၊ ဆန်းထွဋ် ၊ တေးရေးတေးဆို အရိုး ၊ ပြေတီဦး ၊ ရဲတိုက် ၊ နှင်းဝတ်ရည်သောင်း၊ မိုးယုစံ နဲ့ အိန္ဒြာကျော်ဇင်ရဲ့သမီးဖြစ်သူပြေသုဒြာ တို့ရေးဆွဲထားတဲ့ပန်းချီကားတွေ ဖြစ်ပါတယ်။

သတင်း စုစုစံ

ဓာတ်ပုံ-3Colour(Fb)

One News


02 Nov 2020     1,597 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS