မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲအတွက် ယာယီမဲရုံ ၁၂၁ ရုံ တည်ဆောက်ပေးမည်
29 Oct 2020 1,490 Views
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံအခက်အခဲရှိသည့် နယ်မြေများမှ မဲပေးခွင့်ရှိသူများ ဆန္ဒမဲပေးနိုင်ရေးအတွက် ယာယီမဲရုံများ တည်ဆောက်ပေးသွားမည်ဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာနမှ တည်ဆောက်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
အဆိုပါ ယာယီမဲရုံများကို နိုဝင်ဘာ ၅ ရက်နေ့တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ရာ ခရိုင်နှင့် မြို့နယ် စီမံခန့်ခွဲရေးကော်မတီတို့က ကြီးကြပ်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရှိန်ဝင်းကပြောသည်။ “သက်ဆိုင်ရာ မဲဆန္ဒနယ်က ရပ်ကွက်နဲ့ ကျေးရွာတွေမှာ မဲရုံလုပ်ဖို့ စာသင်ကျောင်းမရှိတာ အများသုံး ဆောက်အအုံနဲ့ ဓမ္မာရုံ မရှိတာ အဲဒါမျိုးနေရာမှာ ယာယီမဲရုံဆောက်ပေးမယ်။
ခရိုင်/မြို့နယ် စီမံခန့်ခွဲရေး ကော်မတီက ကြီးကြပ်မှာပါ။ ခုလို ယာယီမဲရုံဆောက်တာက ၂၀၂၀ ရွေးကောက်ပွဲတင် မဟုတ်ဘူး။ အရင်ရွေးကောက်ပွဲတွေမှာ တုန်းကလည်း လုပ်ခဲ့တယ်”ဟု ၎င်းကပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း မဲရုံပြုလုပ်နိုင်သည့် အဆောက်အအုံများမရှိသည့် ရပ်ကွက်/ကျေးရွာများတွင် အလျား ပေ ၄၀ × အနံပေ ၂၀ ရှိ ယာယီမဲရုံပေါင်း ၁၂၁ ခုတည်ဆောက်ရန်ရှိပြီး ယခုကဲ့သို့ ယာယီမဲရုံများ တည်ဆောက်သွားမည်ဖြစ်၍ မဲရုံပြင်ပတွင် ဝန်ထမ်း ၅ ဦးက လာရောက်မဲပေးသူများကို ကျန်းမာရေး စည်းကမ်းချက်များနှင့် ညီညွတ်ရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်နဲ့ ကျေးရွာအချို့မှာ မဲရုံလုပ်စရာမရှိလို့ ဆောက်ပေးတာ။ ဝန်ထမ်း ၅ ဦးက အပူချိန်တိုင်းတာ၊ လက် သန့်ဆေးရည်နဲ့ Mask တပ်ပေးတာတို့၊ လူစုလူဝေးမဖြစ်ဖို့ Social Distancing ကိုက်ညီအောင် ကူညီကြမယ်။ ကိုယ်အပူချိန်မြင့်သူကို မဲရုံထဲအဝင်မခံဘူး။ တွေ့ရင် ကျန်းမာရေးဝန်ထမ်းတွေက ဆေးရုံပို့ပေးမယ်။” ဟု ဆက်လက်ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီးတွင် မဲရုံပေါင်း ၅၄၄၇ ရုံရှိပြီး ဆန္ဒမဲပေးခွင့်ရှိသူ ၄၇ သိန်းကျော်ရှိကာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအတွက် မဲပုံး ၃ ခုနှင့် တိုင်းရင်းသားပါတီမဲပေးရမည့် နယ်မြေများတွင် ၎င်းတို့အတွက် မဲပုံး တစ်ပုံး ထပ်မံထားရှိ ပေးသွားမည် ဖြစ်ကြောင်း၊ မဲရုံအဝင်တွင် ကျန်းမာရေးနှင့် အခြားဌာနမှဝန်ထမ်း ၅ ဦးတို့က ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြာင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)