ကမ္ဘာ့အစွမ်းအထက်ဆုံးအသံလွန်ဒုံးကျည်ကို B-52ဗုံးကြဲလေယာဉ်နှင့်အတူ စမ်းသပ်ပျံသန်းထားခဲ့ပြီဟု အမေရိကန်လေတပ်အတည်ပြု
20 Oct 2020 1,547 Views
ရုရှားနိုင်ငံရဲ့အသံလွန်ဇာကွန်ခရုဇ်ဒုံးကျည်ကိုပစ်ခတ်စမ်းသပ်ခဲ့ပြီး ရက်ပိုင်းမျှအကြာမှာပဲ အမေရိကန်လေတပ်က ၎င်းရဲ့ပထမဦးဆုံးအသံလွန်ဒုံးကျည်အကြောင်းကိုထုတ်ဖော်ပြသခဲ့ကာ အဆိုပါဒုံးကျည်ကို B-52ဗုံးကြဲလေယာဉ်မှာတပ်ဆင်ပြီး စမ်းသပ်ပျံသန်းထားခဲ့ပြီလို့လည်း အတည်ပြုလိုက်ပါတယ်။
Lockheed Martinရဲ့ AGM-183 ARRW (“Air-Launched Rapid Response Weapon”)ဆိုတဲ့ ဒီအသံလွန်ဒုံးကျည်ကို ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက အက်ဒဝပ်လေတပ်စခန်းအပြင်ဘက်မှာ ဗုံးကြဲလေယာဉ်နဲ့စမ်းသပ်ပျံသန်းထားခဲ့တာဖြစ်ပြီး အပူချိန်၊ ယန္တရားနဲ့ ဒီဂျစ်တယ်အချက်အလက်တွေကို စုဆောင်းခဲ့တယ်လို့ သိရပါတယ်။ ARRWဒုံးကျည်ကို ပထမဆုံးအကြိမ်တပ်ဆင်စမ်းသပ်မှုလည်းဖြစ်ခဲ့ပြီး နောက်ထပ် မြေပြင်စမ်းသပ်မှုတွေနဲ့ ပျံသန်းစမ်းသပ်မှုတွေကို လာမယ့်နှစ်နှစ်ကျော်ကာလအတွင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ Lockheed Martinက ဆိုပါတယ်။
ARRWက အသံလွန်နှုန်းနဲ့သွားနိုင်တဲ့ အံ့အားသင့်ဖွယ်ဒုံးကျည်ဖြစ်ပါတယ်လို့ လေတပ်ဗိုလ်ချုပ်အင်ဒရူးဂျီဘာရာက အတည်ပြုထားခဲ့ပါတယ်။ ၁ဝမိနစ်၊ ၁၂မိနစ်အတွင်းမှာ မိုင်ပေါင်း ၁၀၀ဝနီးပါးလောက်ထိ ရောက်နိုင်စွမ်းရှိပြီး အံ့အားသင့်ဖွယ်ပါပဲလို့ ၎င်းက လေတပ်မဂ္ဂဇင်းကို ပြောကြားခဲ့တာပါ။ ဒါက ARRWအနေနဲ့ တစ်နာရီကို မိုင် ၅၀၀ဝကနေ ၆၀၀ဝနီးပါးအမြန်နှုန်းနဲ့ သွားနိုင်စွမ်းရှိတယ်လို့ဆိုလိုတာဖြစ်ပြီး အသံထက်မြန်နှုန်းအဆ Mach ၆.၅ကနေ Mach 8ကြားရှိနိုင်တာဖြစ်ပါတယ်။
၎င်းရဲ့ဆိုလိုချက်က ဒုံးကျည်ရဲ့အမြန်ဆုံးနှုန်းကိုပြောတာလား၊ ပျမ်းမျှနှုန်းကိုပြောတာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး။ ယခုနှစ်အစောပိုင်းတုန်းကလည်း သမ္မတထရမ့်အစိုးရအဖွဲ့ကလည်း အသံလွန်လက်နက်တွေအတွက် ရန်ပုံငွေကို ၂၃ရာခိုင်နှုန်း တိုးမြှင့်ပေးဖို့ အဆိုပြုထားခဲ့ပါတယ်။
အမေရိကန်အနေနဲ့ အသံလွန်ဒုံးကျည်တွေနဲ့ပတ်သက်လို့ ရုရှား၊ တရုတ်တို့နဲ့ပြိုင်ဆိုင်နိုင်ဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး ရုရှားသမ္မတပူတင်ရဲ့ ၆၈နှစ်ပြည့်မွေးနေ့မှာ အသံ၏မြန်နှုန်းအဆဖြင့် အလျင်ကိုတိုင်းတာမှု Mach 8ထိရှိတဲ့ ဇာကွန်ခရုဇ်ဒုံးကျည်ကို ရုရှားရေတပ်ကစမ်းသပ်ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်ရဲ့ ARRWဒုံးကျည်အကြောင်း ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။
ကိုးကား - EurAsian Times
ဘာသာပြန် - သံသာ/ပြည်မြန်မာ