BEC-TERO TV

ဟောင်ကောင်အိတ်စပရက်လေကြောင်းလိုင်းက ခရီးတိုပြေးဆွဲမှုများ စတင်

20 Oct 2020     1,479 Views


ဟောင်ကောင်၏ စရိတ်နည်း လေကြောင်းလိုင်း တစ်ခုဖြစ်သော အိတ်ချ်ကေအိတ်စပရက်သည် ခရီး တို လေကြောင်းခရီးစဉ်တစ်ခုကို အောက်တိုဘာ ၁၅ ရက်တွင် စမ်းသပ် ပြေးဆွဲခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် တာဝန်ရှိသူများနှင့် မီဒီယာသမားများအပါအဝင် ခရီးသည် ၁၁၀ ဦး လိုက်ပါခဲ့သည်။

ဟောင်ကောင် မြို့ကို လှည့်ပတ် ပျံသန်းပြီးနောက် မိနစ် ၉၀ အကြာတွင် ဟောင်ကောင် လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ သည်။ Cathay ပစိဖိတ်လေကြောင်းလိုင်း ၏ လုပ်ငန်းခွဲဖြစ်သော အဆိုပါ လေကြောင်းလိုင်းသည် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေစဉ်ကာလ အတွင်း ပြေးဆွဲမှုများကို လပေါင်း များစွာတိုင် ရပ်နားထားခဲ့သည်။ လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် ငွေကြေးဆိုင်ရာ အခက်အခဲများ ရှိလာသောကြောင့် တရုတ်(တိုင်ပေ)၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံရှိ လေကြောင်းလိုင်းများ အနေဖြင့် ယင်းကဲ့သို့သော ခရီးတိုပြေးဆွဲမှုများ လုပ်ဆောင်ကာ ဝင်ငွေရှာဖွေလျက် ရှိကြသည်။

ယခုကဲ့သို့သော လေကြောင်းခရီး စဉ်များ ပြေးဆွဲခြင်းသည် ခရီးသည် များအား ပုံမှန်လေကြောင်းပြေးဆွဲမှု များ ဆောင်ရွက်သည့်အချိန်တွင် အသင့်ဖြစ်စေရန် လေ့ကျင့်ပေးခြင်း ဖြစ်ကြောင်း အိတ်ချ်ကေအိပ်စပရက် ၏ ခရီးသည်ဆက်ဆံရေးအရာရှိ အိုင်းရစ်ဟိုက ပြောကြားသည်။ “ကျွန်တော်တို့ လေကြောင်းလိုင်းအနေ နဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တွေကို ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ဘေးကင်း ရေးကို ဘယ်လို စီမံဆောင်ရွက်ထားတယ်ဆိုတဲ့အချက်ကို အသိပေးချင် တာလည်းဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

လာမည့် နိုဝင်ဘာလအတွင်း အိတ်ချ်ကေအိတ်စပရက် လေကြောင်း လိုင်းအနေဖြင့် ယခုကဲ့သို့သော ခရီး စဉ် သုံးခုကို လူတစ်ဦးလျှင် လက်မှတ်ခ ကန်ဒေါ်လာ ၅၀ ဖြင့် ပြေးဆွဲသွားမည် ဖြစ်ပြီး ထိုနှုန်းထားသည် အခြား လေကြောင်းလိုင်းများက ရောင်းချ သော ခရီးစဉ်များ၏ လက်မှတ်ခ နှုန်းထားထက် သက်သာကြောင်း သိရသည်။ အဆိုပါခရီးစဉ် သုံးခုအတွက် လက်မှတ်များကို ရောင်းချပြီးဖြစ် ကြောင်း သိရသည်။

ခရီးစဉ်များ တွင် လိုက်ပါစီးနင်းသော ခရီးသည် များအား တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ စီးနင်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားပြီး ခရီးစဉ် များအတွင်း အစားအသောက် တည်ခင်းခြင်းမရှိဘဲ မဂ္ဂဇင်းစာအုပ် များကိုလည်း ဖတ်ရှုရန်ထားပေးမည် မဟုတ်ကြောင်း သိရသည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-စိုးသူရ/The Mirror


20 Oct 2020     1,479 Views




RELATED

Most Popular of International News

Most Popular of NEWS