အသက်ရှူထုတ်လိုက်သည့် လေမှ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စမ်းသပ်နိုင်ပြီ
19 Oct 2020 1,478 Views
အသက်ရှူထုတ်လိုက်သည့် လေမှ ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိစမ်းသပ် နိုင်သည့် ရောဂါစစ်ဆေးမှုစနစ်သစ်တစ်ခုကို ဂျပန်တက္ကသိုလ်တစ်ခုနှင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းထုတ်လုပ်မှု ကုမ္ပဏီတစ်ခုတို့က စမ်းသပ် အောင်မြင်ခဲ့ကြောင်း ယမန်နေ့သတင်းများအရ သိရသည်။ တိုဟိုကု ဆေးတက္ကသိုလ်နှင့် ရှီမတ်ဇူကုမ္ပဏီတို့က အဆိုပါရောဂါ စစ်ဆေးရေးကိရိယာ အမျိုးအစားသစ်တစ်မျိုးကို ပူးပေါင်းစမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစစ်ဆေးရေးကိရိယာကို အသုံးပြုပြီး လူတို့အသက်ရှူထုတ် လိုက်သည့်လေထဲတွင် ဗိုင်းရပ်စ်ပိုးရှိ၊မရှိ စစ်ဆေးကာ ယင်းဗိုင်းရပ်စ်ပိုး များမှ ပရိုတိန်းများကိုယူဆောင်ပြီး အသေးစိတ် ဆန်းစစ်ကြည့်ရှုနိုင်မည် ဖြစ်သည်။ ထို့ပြင် တစ်နာရီအတွင်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းရှိ၊ မရှိ စစ်ဆေးသိရှိနိုင်သည်။
အဆိုပါစနစ်ဖြင့် ရောဂါကူးစက်ခံရသူ ၁၀ ဦးအား စမ်းသပ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့သည်။ လူဦးရေအများအပြားဖြင့် ထပ်မံစမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ တိုဟိုကု ဆေးတက္ကသိုလ်မှ ပါမောက္ခ အာကိုင်ကီတာကာကီက အဆိုပါ ရောဂါစစ်ဆေးရေးကိရိယာနှင့်ပတ်သက်ပြီး မည်သည့် သုတေသနစာတမ်းမျှ မရှိသေးသော်လည်း ယခုနည်းပညာသည် ကမ္ဘာတစ်ဝန်းတွင် ပထမဆုံးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှီမတ်ဇူကုမ္ပဏီဥက္ကဋ္ဌ ယူးဒါတီရုဟီဆာက အဆိုပါရောဂါစစ်ဆေး ရေးကိရိယာသည် ရောဂါကူးစက်ခံထားရခြင်းရှိ၊ မရှိ သိရှိနိုင်သည့်အပြင် ပြင်းထန်သည့်ရောဂါလက္ခဏာများ ခံစားရနိုင်ဖွယ်ရှိ၊ မရှိကိုလည်း သိရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကိုးကား- အင်န်အိတ်ချ်ကေ
ဘာသာပြန်- အောင်ကျော်ကျော်/The Mirror