BEC-TERO TV

ကျောက်ဆည်မြို့တွင် မျိုးဆက်သစ် ဆင်ချိုးပညာရှင်များ အဆက်မပြတ်မွေးထုတ်

15 Oct 2020     1,888 Views


ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလ ဆင်ရုပ်ပြုလုပ်သူများ အလုပ်ဖြစ်မှု နည်းပါးသော်လည်း မျိုးဆက်သစ် ဆင်ချိုးပညာရှင်များကို မွေးထုတ်ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ကျောက်ဆည်မြို့ကို ဆင်မြို့တော်ဟု တင်စားထားသည်နှင့်အညီ ဆင်ရုပ်ငယ်များ ဆင်ရုပ်ကြီးများကို တစ်နှစ်ပတ်လုံး ပြုလုပ်ရောင်းချကြသည်။

ယခင်က ဆင်ပွဲတော်နီးလာသည်နှင့်အမျှ ပြိုင်ပွဲဝင်ဆင်များနှင့် အလှကသည့်ဆင်များကို ဆင်ချိုးပညာရှင်များထံ စနစ်တကျ အပ်နှံ့မှာယူကြသည်။ ယခုနှစ် ဆင်ပွဲကျင်းပရန် မသေချာသည့်အတွက် ဆင်ရုပ်မှာယူသူ နည်းပါးနေကြောင်း သိရသည်။ ဆင်ချိုးပညာမှာ စနစ်ကျပြီး အချိုးအဆမှန်ကန်စွာ ပြုလုပ်ကြရသည်။

အခြေခံအားဖြင့် လက်ရာမြောက် ဆင်တစ်ကောင်ပြုလုပ်ရန်အတွက် တင်းဝါး(၅)လုံး၊ မြင်ဝါး(၂)လုံး၊ ကြက်သောင်းဝါးကြီးတစ်လုံး၊ နှီးတစ်ထုတ်၊ မှိုင်းစက္ကူတစ်အုပ်၊ အချောစက္ကူအရွက်(၂၀)၊ ကော်မှုန့်နှစ်မျိုး (ဆန်မှုန့်နှင့် သာကူမှုန့်) ဆေးရောင်စုံလေးမျိုး (အနက်၊ အနီ၊ အဖြူ၊ အဝါ) တို့ လိုအပ်သည်။ ဆင်ခေါင်း(ဆင်ဦးခေါင်း)ပိုင်း ပြုလုပ်မှုမှာ ဆင်တစ်ကောင်အတွက် အရေးပါပြီး စနစ်တကျ ပြုလုပ်ကြရသည်။

အဆင့်တိုင်းအဆင့်တိုင်းတွင် အတိုင်းအတာမှန်ကန်ခြင်း၊ စနစ်တကျ ပြုလုပ်ခြင်းဖြင့် ဆင်ရုပ်တစ်ရုပ်၏ အင်္ဂါရပ်နှင့် ကိုက်ညီအောင် ပြုလုပ်ကြရသည်။ လက်ရှိကာလတွင် ကျောက်ဆည်မြို့တွင် ဆင်ချိုးပညာကို မျိုးဆက်သစ်များ လက်ဆင့်ကမ်း ဆက်ခံထားကာ ပြုလုပ်လျက်ရှိသည်။

တိမ်တမန်/MDN


15 Oct 2020     1,888 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS