BEC-TERO TV

AstraZeneca ကုမ္ပဏီက စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိရေး ထိုင်းနိုင်ငံ ပါဝင်မည်

13 Oct 2020     1,469 Views


ထိုင်းနိုင်ငံနဲ့ အရှေ့တောင် အာရှ ဒေသတွင်း တခြား နိုင်ငံတွေ အတွက် AstraZeneca Plc က စမ်းသပ်နေတဲ့ COVID-19 ကာကွယ်ဆေးကို ထုတ်လုပ် ဖြန့်ချိပေးဖို့ ထိုင်းနိုင်ငံက သဘောတူလိုက်ကြောင်း တနလာၤနေ့မှာဘဲ ဗြိတိန်နဲ့ ထိုင်း အစိုးရတို့ ကြေညာပါတယ်။ ထိုင်းနိုင်ငံမှာ ဖြန့်ချိမယ့် AZD1222 လို့ နာမည်ပေးထားတဲ့ ကာကွယ်ဆေး အရေအတွက် ဘယ်လောက် ထုတ်မလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ ဘန်ကောက် အခြေစိုက် ဗြိတိန် သံရုံး ကြေညာချက်မှာ ဖော်ပြမထားပါဘူး။

ငွေကြေး ဆိုင်ရာ သဘောတူညီချက်နဲ့ ပတ်သက်လို့လည်း ကြေညာချက်မှာ မဖော်ပြပါဘူး။ Oxford တက္ကသိုလ်က သိပ္ပံပညာရှင်တွေ စမ်းသပ်နေတဲ့ အလားအလာ ရှိတဲ့ ကာကွယ်ဆေးအတွက် AstraZeneca က ကပ်ဘေးကာလ အတွင်း အကျိုးအမြတ် မယူဘဲ စီစဉ်ပေးမှာ ဖြစ်ပြီး ဆေးဝါး ထုတ်လုပ်ရေး စက်ရုံတွေကို Siam Bioscience နဲ့ အတူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ထိုင်း ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ သီးခြား ကြေညာချက်မှာ ဖော်ပြပါတယ်။

AstraZeneca က နည်းပညာ လွှဲပြောင်းပေးမယ်လို့ ခန့်မှန်းချက်နဲ့ အတူဘဲ ထိုင်း နိုင်ငံရဲ့ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဌာနရဲ့ အတည်ပြုချက် ရပြီးနောက် ကုမ္ပဏီ အနေနဲ့ နောက်နှစ် နှစ်လယ်ပိုင်းလောက်မှာ ပထမဆုံး အသုတ် ကာကွယ်ဆေးတွေ ထုတ်နိုင်ဖို့ ရည်ရွယ်ပါတယ်လို့ Siam Bioscience ရဲ့ အကြီးအကဲ Satitpong Sukvimol က ပြောပါတယ်။

နောက်ဆုံး အဆင့် စမ်းသပ်မှု ရလဒ်တွေ ထွက်လာဖို့ နီးလာပြီ ဖြစ်တဲ့ AstraZeneca က ကာကွယ်ဆေး သန်း ၃၀၀၀ ကျော် ထုတ်နိုင်ဖို့ အတွက် ကမ္ဘာတလွှားက အစိုးရတွေ၊ ကုမ္ပဏီ အတော်များများနဲ့ သဘောတူ စာချုပ်ထားပြီ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး စက်မှုလုပ်ငန်းကြီး ဖြစ်တဲ့ Siam Cement PLC ပါဝင်တဲ့ ထိုင်းနိုင်ငံနဲ့ သဘောတူညီချက်နဲ့ ပတ်သက်လို့တော့ ကုမ္ပဏီဘက်က လောလောဆယ် ထုတ်ပြန်မထားပါဘူး။

VOA


13 Oct 2020     1,469 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS