မဲပေးခွင့်ရှိသူအားလုံးမဲပေးကြဖို့ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
13 Oct 2020 1,401 Views
၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူတွေအားလုံး မဲပေးစေချင်ပါတယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ အောက်တိုဘာ(၁၂)ရက်က ပြောကြားတဲ့ COVID-19ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောကြားလိုက်တာပါ။
ရွေးကောက်ပွဲမှာ ပြည်သူတွေ လုံလုံခြုံခြုံနဲ့ ပြည့်ပြည့်စုံစုံ မဲပေးနိုင်ဖို့အတွက် အသက်(၆၀)အထက်သက်ကြီးပိုင်းတွေ ကြိုတင်မဲပေးနိုင်ဖို့၊ မဲရုံမှာလူစုလူဝေးမဖြစ်စေဖို့အတွက် ကြိုတင်မဲပေးဖို့၊ ကျန်းမာရေးအရ မသွားလာနိုင်သူတွေအတွက် အိမ်မှာပဲမဲပေးနိုင်ဖို့၊ ဆေးရုံနဲ့ Quarantineစင်တာရောက်နေသူတွေအနေနဲ့လည်း ကြိုတင်မဲပေးနိုင်ဖို့ အစိုးရအနေနဲ့ စီစဉ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
အဲ့ဒီလိုစီစဉ်ထားတာတွေ အလကားမဖြစ်စေဖို့ မဲပေးခွင့်ရှိသူအားလုံးမဲပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာပါ။ “ဒီအစီအစဉ်တွေ အဟောသိကံမဖြစ်ရအောင် ပြည်သူပြည်သားတွေအားလုံး၊ မဲပေးခွင့်ရှိသူများအားလုံးက ဒီအစီအစဉ်တွေအရ မဲပေးစေချင်ပါတယ်။ ဒါဟာကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ကိုဗစ်ကလည်းကျွန်မတို့နိုင်ငံရဲ့ အခုလောလောဆယ်အခြေအနေအတွက် အရေးကြီးပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
လက်ရှိအချိန်မှာ ရွေးကောက်ပွဲဟာ စိန်ခေါ်မှုကြီးတစ်ခုလို့ဆိုပေမယ့် ပြည်သူလူထုအတွက် အခွင့်အရေးတစ်ခုလည်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ ကြိုတင်မဲတွေပေးနေပြီဖြစ်ပြီး မဲပေးဖို့ လျှောက်ထားသူ တစ်သိန်းကျော်ထဲက ငါးသောင်းကျော်ဟာ ကြိုတင်မဲပေးပြီးပြီဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားပါတယ်။
One ဓာတ်ပုံ-MSCO