BEC-TERO TV

ကုန်တင်ယာဉ်ပေါ်ရှိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား Test Kit ဖြင့်စစ်ဆေးသည့် စစ်ဆေးခ ကျပ် (၁၀,၀၀၀) သတ်မှတ် ကောက်ခံသွားမည်

12 Oct 2020     1,555 Views


စစ်ကိုင်းတိုင်းနယ်စပ် ကချင်ပြည်နယ်အဝင် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို covid antigen rapid test kit ဖြင့် စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးခအနေဖြင့် (၁) ဦးလျှင် ကျပ် (၂၀၀၀၀) ကောက်ခံခဲ့ရာမှ စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ (၁) ဦးလျှင် ကျပ် (၁၀၀၀၀) သာ သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက အတည်ပြု ပြောကြားသည်။

အဆိုပါ Test Kit ဖြင့် စစ်ဆေးဆောင်ရွက်မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ (၉) ဦးပါဝင်သော ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှစ၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၁ ရက်နေ့အထိ (၃) ရက်တာ ကာလအတွင်း စုစုပေါင်း ၃၅၅ ဦးအထိ စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်း သိရှိရသည်။

စစ်ဆေးဆောင်ရွက်မှုအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိပါက ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ခရိုင် ဆေးရုံကြီးနှင့် မြို့နယ်အတွင်း ဖွင့်လှစ်ထားသော အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းများသို့ ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပိုးတွေ့ယာဉ် အနေဖြင့် သတ်မှတ်နေရာတွင် ရပ်နားစေမည်ဖြစ်ကာ ကုန်တင်ယာဉ်ပေါ်ရှိ ပစ္စည်းအမျိုးအစားပေါ် မူတည်၍ ပိုးသတ်ဆေးဖျန်းခြင်း (သို့မဟုတ်) သယ်ယူစေခြင်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ် သည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)


12 Oct 2020     1,555 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS