ယူကရိန်းက ပြည်တွင်းဖြစ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
12 Oct 2020 1,593 Views
ယူကရိန်းနိုင်ငံသည် တိုက်လေယာဉ်များပေါ်မှတစ်ဆင့် ပစ်ခတ်နိုင်စွမ်းရှိသော ပြည်တွင်းဖြစ် အာရ်အက်စ်-၈၀ ဒုံးကျည်ကို အောက်တိုဘာ ၉ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ ကြောင်း ယူကရိန်းဖောင်း သတင်းအေဂျင်စီက ဖော်ပြသည်။ အဆိုပါ ဒုံးကျည်ကို ယူကရိန်းနိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီ၏ လက်အောက်ခံတစ်ခု ဖြစ်သည့် အာတမ်ကုမ္ပဏီက ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန၏ လိုအပ်ချက်အရ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းကာကွယ်ရေးကုမ္ပဏီသည် ယင်းဒုံးကျည်များကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ပြီးနောက် ယခု ဝယ်ယူသူများထံ လွှဲပြောင်းပေးရန် အသင့်ရှိနေပြီဖြစ်ကြောင်း ယူကရိန်းဖောင်းသတင်းအေဂျင်စီက ထပ်မံဖော်ပြထားသည်။ အာရ်အက်စ်-၈၀ ဒုံးကျည်သည် သံချပ်ကာတပ်ဖွဲ့၏ ပစ်မှတ်များ၊ တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ ရွှေ့လွယ်ပြောင်းလွယ်သောသေနတ်များနှင့် အခြားပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီးရန် ဒီဇိုင်းဆွဲထားပြီး ဒုံးကျည်ထိပ်ဖူးတပ်ဆင်ထားသည့် ဒုံးကျည်တစ်မျိုး ဖြစ်သည်။
ထို့အပြင် အဆိုပါဒုံးကျည်ကို လေယာဉ်ပေါ်တွင်သာမက မြေပြင်အခြေပြု ဒုံးပစ်စင်များနှင့် တိုက်ခိုက်ရေးသင်္ဘောများပေါ်မှတစ်ဆင့် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းလည်း ရှိသည်။ အာတမ်ကုမ္ပဏီသည် ယူကရိန်းနိုင်ငံပိုင် ကာကွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် ယူကရို ဘိုရွန်ပရွမ်ကုမ္ပဏီ၏ လက်အောက်ခံကုမ္ပဏီတစ်ခုဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်က စတင် တည်ထောင်ခဲ့သည့် အဆိုပါ ယူကရိုဘိုရွန် ပရွမ်ကုမ္ပဏီတွင် ကာကွယ်ရေးဆိုင်ရာ စက်မှု လုပ်ငန်းပေါင်း ၁၃၀ ခန့်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ/The Mirror