ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် အားလုံးကို စစ်ဆေးရာ ရဲမှူး တစ်ဦးအပါအဝင် (၂၈) ဦး ပိုးတွေ့
12 Oct 2020 1,635 Views
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင် (၂၅၀)ကျော်ကို ဒီကနေ့ ကျန်းမာရေး စစ်ဆေးရာမှာ ရဲမှူး တစ်ယောက် အပါအဝင် (၂၈) ယောက်မှာ COVID-19 ရောဂါပိုး တွေ့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းဦးက အတည်ပြု ပြောပါတယ်။
အဲဒီပိုးတွေ့တဲ့ ရဲတပ်ဖွဲ့ဝင် (၂၈) ယောက်ဟာ ရဲမှူး၊ ရဲအုပ် ၊ ဒုရဲအုပ် နဲ့ အခြားအဆင့်တွေ ဖြစ်ပြီး ဦး၊ ရေး၊ ထောက် ဌာနတွေက ဖြစ်တယ်လို့ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။ " ဒီနေ့ ကျွန်တော်တို့ တာဝန်ထမ်းဆောင်နေတဲ့ (၂၅၀)ကျော် စစ်တာတော့ (၂၈) ယောက် တွေ့တယ်။ ရဲမှူး တစ်ယောက်တော့ပါတယ်။ ( ၂၈) ယောက်ကတော့ ရဲတပ်ဖွဲ့ဝင်တွေပဲ။ တိုင်းရုံးကတော့ ဦး၊ ရေး၊ ထောက် အကုန်ရှိတာပေါ့။ ထိတွေ့များရာ များသလိုပေါ့။
နည်းတဲ့ ဌာနကျတော့ တစ်ယောက် နှစ်ယောက်ပဲရှိတာပေါ့ " လို့ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။ လက်ရှိ ပိုးတွေ့ရဲတပ်ဖွဲ့ဝင်တွေကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်သွားပြီလို့ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။ ပိုးတွေ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကိုတော့ အသွားအလာကန့်သတ်ထားရှိဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ " ကျွန်တော်တို့ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီပဲ မဖြစ်အောင်တော့ ကြိုးစားပြီးတော့ ကာကွယ်နေရတယ်။ ဒါပေမယ့် သွားရင်း လာရင်းနဲ့ အိမ်ထဲ နေတဲ့သူတွေလည်း ကူးနေတာဆိုတော့ ဖြစ်ခဲ့ရင်တော့ ဖြစ်တဲ့နေရာကို ဆေးဖျန်းမယ်။ ဖြစ်တဲ့လူတွေကို ခွဲထားမယ်။ ဆက်စပ်တဲ့ လူတွေကို Quarantine ဝင်စေမှာပါ " လို့ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။
အခုလို ရဲတပ်ဖွဲ့ဝင်တွေ COVID-19 ကူးစက်ခံရတာတွေရှိတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာ ရွေးကောက်ပွဲ မဲရုံလုံခြုံရေး ဆောင်ရွက်ဖို့ သင်တန်းပေးနေတဲ့ အထူးရဲတွေ နဲ့ သင်တန်းနည်းပြတွေလည်း ကူးစက်ခံနေရပါတယ်။ ဒီကနေ့မှာ ဒေါပုံ၊ လမ်းမတော် ၊ စမ်းချောင်း၊ ကမာရွတ်၊ ဗိုလ်တထောင်မြို့နယ်တွေက အထူးရဲတွေနဲ့ သင်တန်းနည်းပြ ရဲတပ်ဖွဲ့ဝင် (၃) ယောက်တို့ COVID-19 ကူးစက်ခံထားရတာကို စုံစမ်းသိရပါတယ်။ အဲဒီ ကူးစက်ခံရတဲ့ အထူးရဲတပ်ဖွဲ့ဝင်တွေကိုလည်း ချက်ချင်း အသွားအလာ ကန့်သတ်ထားရှိထားတယ်လို့ ရဲမှူးကြီး ဇော်မင်းဦးက ပြောပါတယ်။
သတင်း-ဝေယံထက်ဝင်း/One
ဓာတ်ပုံ-Yangon Police