တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တွင် အင်အားပြလှည့်လည်သဖြင့် ဖမ်းဆီးခံရသည့် NLD ပါတီ ဝန်းရံသူ ၉၀၁ ဦးအား ပြန်လွှတ်ပေးပြီး သုံးဦးကို ဆက်လက်ထိန်းသိမ်းထား
09 Oct 2020 1,465 Views
တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နှင့် ရွှေလီမြို့တွင် ခွင့်ပြုချက်မရှိဘဲ အင်အားပြလှည့်လည်သဖြင့် ဖမ်းဆီးခံရသည့် NLD ပါတီ ဝန်းရံသူ ၉၀၁ ဦးအား တရုတ်နိုင်ငံဘက်မှ ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၁ နာရီခန့်က ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၈ ရက်က တရုတ်နိုင်ငံ ရွှေလီမြို့နှင့် ကျယ်ဂေါင်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများသည် ရွှေလီမြို့မှ ကျယ်ဂေါင်မြို့သို့ ရောက်ရှိလာပြီး မနောကွင်းတွင် စုရပ်ပြုလုပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တံဆိပ်ပါ ဦးထုပ်၊ တီရှပ်အကျႌများ ဝတ်ဆင်ခြင်း၊ အလံများထောင်ခြင်းနှင့် သီချင်းများဖွင့်လှစ်ကာ ဆိုင်ကယ်များဖြင့် စီတန်းလှည့်လည်ခဲ့ရာမှ ရွှေလီမြို့သို့ အပြန်တွင် လုံမောဟုပန်းခြံအနီး၌ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ရွှေလီမြို့ စီကိုင်ထောင်သို့ ပို့ဆောင် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရသူသည် ၉၀၄ ဦးဖြစ်ပြီး ၉၀၁ ဦးကိုပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကာ ဦးဆောင်ဦးရွက်ပြုသူဟု ယူဆရသည့် သုံးဦးကို ဆက်လက် ထိန်းသိမ်းထားကြောင်း သိရသည်။ “ တရုတ်အစိုးရက ကျယ်ဂေါင်မြို့နဲ့ ရွှေလီမြို့ရှိ ခွင့်ပြုချက်မယူဘဲ NLD ထောက်ခံ အင်အားပြဖမ်းခံရသူ မြန်မာနိုင်ငံသား စုစုပေါင်း ၉၀၁ ယောက် ပြန်လွှတ်ပေးလာတယ်။ သုံးယောက်တော့ ကျန်သေးတယ်။ သူတို့ကို တရုတ်အစိုးရက ကျမ်းမာရေးစစ်ဆေးပေးခြင်း ပြုလုပ်ပေးခဲ့တယ်လို့ သိရတယ်။
၉၀၄ ယောက်ထဲမှာ ကျန်းမာရေး မစစ်ထားသူ ၄၀ ကျော် ပါနေတာကိုလည်း ကျန်းမာရေး စစ်ဆေးပေးပြီး ကျန်းမာရေးကတ်နှင့် ယာယီနေထိုင်ခွင့်ကတ်ပါ တစ်ခါတည်း ထုတ်ပေးခဲ့တယ်လို့ သိရတယ်။ ပြီးတော့ နောက်နောင် COVID-19 ကျန်းမာရေးထိန်းချူပ်မူအနေဖြင့် လူစုလူဝေး မပြုလုပ်ရန် နှင့် စည်းကမ်းချက်များ စာရွက်ပေးဝေပြီး ည တရုတ်စံတော်ချိန် ၁၂ ခွဲ အချိန်လောက်တွင် ကျယ်ဂေါင်၊ ရွှေလီ အသီးသီးကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်” ဟု မိုးမခဖေါင်ဒေးရှင်း နာယက ဒေါ်မိုးမခက ပြောကြားသည်။
NLD ပါတီ ဝန်းရံထောက်ခံသူ မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရဘက်မှ ယူနန်ပြည်နယ် မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်မှတစ်ဆင့် ဆက်သွယ် အကူအညီတောင်းခံခဲ့ရာ ရွှေလီမြို့ ပြည်ပရေးရာဌာနမှ တာဝန်ရှိသူနှင့် ဆက်သွယ်မှုရခဲ့ပြီး နှစ်ဖက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် မြန်မာလုပ်သားများသည် ရွေးကောက်ပွဲတွင် မဲပေးခွင့် မရသည့်အတွက် စိတ်ခံစားမှုများဖြစ်ပေါ်ပြီး စီတန်းလှည့်လည်မှု ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သဖြင့် ရွှေလီအစိုးရအနေဖြင့် နားလည်ခွင့်လွတ်ပေးပါရန် ဦးထွန်းအောင်ကျော်က တင်ပြ တောင်းဆိုခဲ့သည်ဟု သိရကြောင်း၊ ရွှေလီအစိုးရ ပြည်ပရေးရာဌာန တာဝန်ရှိသူကလည်း ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာနမှတစ်ဆင့် တရားဝင် စာပေးပို့ရန် တောင်းဆိုသဖြင့် မြန်မာကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ပေးပို့ထားပြီး ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်က အောက်တိုဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။
ရွှေလီနှင့် ကျယ်ဂေါင်မြို့တွင် နေထိုင်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများသည် နယ်စပ်ဖြတ်သန်းခွင့်စာအုပ် အနီသာရှိပြီး နိုင်ငံကူးလက်မှတ် Passport စာအုပ် မရှိခြင်း၊ မြန်မာကောင်စစ်ဝန်ရုံးသည် ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့တွင်သာ ရှိခြင်းကြောင့် မဲသွားရောက်ပေးနိုင်ခြင်း မရှိကြောင်းနှင့် တရုတ်နိုင်ငံ၏ နေထိုင်ခွင့်စာအုပ်ဖြင့် နေထိုင်နေကြသော မြန်မာနိုင်ငံသား နှစ်သိန်းကျော် ရှိကြောင်း သိရသည်။
ပြည့်စုံ (မူဆယ်) / Eleven