သမ္မတထရမ့်က တောင်းဆိုမှုများပြားနေသည့် ရီဂျန်နီရွန်မှထုတ်လုပ်သော ကိုဗစ် -၁၉ ရောဂါကုသဆေး ဖြန့်ချိရေး တွန်းအားပေး
09 Oct 2020 1,489 Views

အမေရိကန်သမ္မတ ထရမ့်က ၎င်း၏ကိုဗစ်-၁၉ ရောဂါကုသရာတွင် အသုံးပြုခဲ့သည့် ရီဂျန်နီရွန်မှထုတ်လုပ်သော ပဋိပစ္စည်းအခြေပြု ကိုဗစ်-၁၉ ရောဂါကုသဆေးကို အမေရိကန်နိုင်ငံသားများအတွက် အခမဲ့အသုံးပြုနိုင်အောင် စီစဉ်ပေးမည်ဖြစ်ကြောင်း ကတိပြုပြောကြား ခဲ့သည်။
သမ္မတထရမ့်မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး ရက်အနည်းငယ်အကြာ မှာပင် ဆေးရုံမှပြန်လည်ဆင်းလာနိုင်ခဲ့ပြီးနောက် ကိုဗစ်-၁၉ ရောဂါ လူနာများက သမ္မတထရမ့်ကိုကုသရာ၌ အသုံးပြုခဲ့သည့် အဆိုပါဆေးကို အသုံးပြုလိုကြောင်း တောင်းဆိုမှုများပြားလာခြင်းဖြစ်သည်။
သမ္မတ ထရမ့်ကိုယ်တိုင်ကလည်း ဆေးရုံမှပြန်လည်ဆင်းလာပြီးနောက် တင်ခဲ့သည့် ပထမဆုံးဗီဒီယိုတွင် သူ့အနေဖြင့် ရောဂါကူးစက်မှုခံရပြီးနောက် ဖျားနာ ခဲ့သော်လည်း ရီဂျန်နီရွန်ဆေးကို ထိုးခဲ့ပြီးနောက် အလျင်အမြန် သက်သာလာခဲ့ကြောင်း ထောက်ခံချက်ပေးခဲ့သလို အမေရိကန်နိုင်ငံသား များအားလုံး အခမဲ့အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ဆိုသည်။ အဆိုပါဆေးကို အမေရိကန်ဆေးဝါးကုမ္ပဏီ ရီဂျန်နီရွန်က စမ်းသပ် နေခြင်းဖြစ်ပြီး စမ်းသပ်နေဆဲကာလမှာပင် အစားအစာနှင့် ဆေးဝါး ကွပ်ကဲမှုက အရေးပေါ် အသုံးပြုနိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်သည်။
ရီဂျန် နီရွန်ဆေးမှာ လူ၏ ပဋိပစ္စည်းထုတ်လုပ်မှုကို အခြေခံကာ ပုံတူပွားပြီး ပေါင်းစပ်ကုသသော ဆေးအမျိုးအစားဖြစ်သည်။ အစောပိုင်းကပင် ကုမ္ပဏီဘက်က ၎င်းတို့စမ်းသပ်နေသည့် ဆေးနှင့်ပတ်သက်ပြီး အချက် အလက်အချို့ကို တင်ပြထားပြီးဖြစ်သော်လည်း အချက်အလက်များ ပြည့်စုံတိကျစွာ ထွက်မလာသေးခင် ယခုလို တောင်းဆိုမှုများပြားလာခြင်း အပေါ် စိုးရိမ်မိကြောင်း ရီဂျန်နီရွန် ပဋိပစ္စည်းဆေးဝါးထုတ်လုပ်နိုင်ရေး စမ်းသပ်မှုအဖွဲ့သုတေသနခေါင်းဆောင် စကော့စ်မန်းက ပြောကြားသည်။
အမေရိကန်သမ္မတ ထရမ့်ကမူ ရီဂျန်နီရွန်ဆေးကို အပြည့်အဝထောက်ခံချက်ပေးခဲ့သည့်အပြင် ဆေးဝါးအလျင်အမြန်ထုတ်လုပ်ရေးအတွက် တွန်းအားပေးသွားဖွယ်ရှိနေသည်။ ထရမ့်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အောက်တိုဘာလအစောပိုင်းမှာပင် ရရှိနိုင် မည်ဟုဆိုခဲ့သော်လည်း ယခုမူ နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲ ပြီးမှသာ ရရှိနိုင်တော့မည်ဟု ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှင့်သေဆုံးမှု နှစ်ရပ်စလုံးတွင် နံပါတ်(၁)နေရာတွင် ရှိနေသော ကြောင့် သမ္မတထရမ့်၏ ကိုဗစ်-၁၉ ရောဂါကိုင်တွယ်မှုအပေါ် ဝေဖန်မှု များ ထွက်နေဆဲကာလမှာပင် သမ္မတက ၎င်းကိုဗစ်ရောဂါကူးစက်ခြင်း ကြောင့် အမေရိကန်ထုတ်ဆေးဝါးများ အစွမ်းထက်၊ မထက်ဆိုသည်ကို စမ်းသပ်ခွင့်ရရှိခဲ့သဖြင့် ကံကောင်းသည်ဟု ပြောကြားခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-မေလဲ့သင်း/The Mirror