ရန်ကုန်တိုင်းဒေသကြီးမှ စက်ရုံလုပ်သားများအား စက်တင်ဘာလလုပ်ခ လစာထုတ်ပေးမည်
08 Oct 2020 1,414 Views
ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသော စက်မှုဇုန်ပေါင်း ၂၉ ဇုန်မှ စက်ရုံများအား စက်တင်ဘာ ၂၄ ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အောက်တိုဘာ ၇ ရက်နေ့ထိ ယာယီပိတ်ခဲ့ရာ အောက်တိုဘာ ၈ ရက်နေ့မှစ၍ စက်တင်ဘာလ လုပ်ခလစာအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းနှင့်အညီ စက်ရုံလုပ်သားများအား လစာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“စက်ရုံအလုပ်သမားအနေနဲ့ ပုံမှန်ဆိုရင် လကုန်တာနဲ့ လစာထုတ်မှရမှာပါ။ ပြီးခဲ့တဲ့လကုန်ပိုင်း စက်ရုံပိတ်ချိန်မှာ လစာအတွက် လကုန်လို့ ၈ ရက်နေ့ကစပြီး ပေးမယ်လို့ အလုပ်သမားတွေကို မေတ္တာရပ်ခံထားပြီးတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မှုနဲ့ အောက်တိုဘာ ၆ ရက်၊ ၇ ရက်မှာ စက်ရုံမှာ လစာတွေ တက်ချက်ဖို့ ဆောင်ရွက်ခဲ့ကြတယ်။
အောက်တိုဘာ ၈ ရက်ကနေ ၂၁ ရက်နေ့ထိ နှစ်ပတ် ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက်တိုးမြင့် ပိတ်ခဲ့တယ်။ ရန်ကုန်မှာ စက်ရုံအလုပ်သမားက သိန်းချီပြီးရှိနေတာ။ ရတဲ့လစာအပေါ် မိသားစု မှီခိုရတဲ့ အနေအထားဖြစ်နေတော့ ဒါကိုဘယ်လို လစာပေးမလဲပေါ့။ ဘယ်လိုညှိနှိုင်း ဆောင်ရွက်လို့ရမလဲဆိုတာ မနေ့က ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ UMFCCI တို့ ညှိနှိုင်းပြီး ဗဟိုကော်မတီ၊ ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနကို တင်ပြတာကြောင့် နေ့မှာလုပ်ခလစာ ထုတ်ပေးဖို့ ခွင့်ပြုချက်ရတဲ့အတွက် အလုပ်သမားတွေလည်း အဆင်ပြေသွားပါပြီ” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ အထွေထေွ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။
စက်ရုံအလုပ်သမားများအား အောက်တိုဘာ ၈ ရက်နေ့၌ လုပ်ခလစာ ထုတ်ပေးရာတွွင် လူစုလူဝေး မဖြစ်စေရန်အုပ်စု လိုက်ခွဲ၍ထုတ်ယူကြရန် စက်ရုံများပြင်ဆင်ထားပြီး အွန်လိုင်းမှ အလုပ်သမားများကို လစာပေးရန်မူလက စီမံထား သော်လည်း Online မှ ငွေထုတ်ရာတွင်လည်း ဆိုင်များတွင် လူစုလူဝေးဖြစ်နိုင်၍ စက်ရုံများတွင်သာ အုပ်စုလိုက်ဖြင့် နှစ်ရက်ခွဲ၍ ထုတ်ပေးရန် စီမံထားခြင်းဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် UMFCCI တို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စက်ရုံလုပ်သားများ လုပ်ခလစာရရှိရန် စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာမြို့နယ်၌ စက်မှုဇုန်ပေါင်း ၁၂ ဇုန်ရှိပြီး လုပ်သားအင်အား ၂ သိန်းခန့်ရှိပြီး စက်ရုံနှင့် လုပ်သားအများဆုံး တည်ရှိရာ မြို့နယ်တစ်ခုဖြစ်၍ အထည်ချုပ် အလုပ်သမားများမှာ စက်တင်ဘာ ၂၃ ရက်နေ့ထိ လုပ်ငန်းခွင် ဝင်ထားသောကြောင့် ထိုလုပ်ခလစာအား အောက်တိုဘာ ၈ ရက်နေ့တွင် စက်ရုံများမှ ထုတ်ပေးသွားမည်ဖြစ်ရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော လမ်းညွှန်မှုနှင့်အညီ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် စက်ရုံများက စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းထိုက်/MDN