အသည်းရောင်အသားဝါ-စီ ဗိုင်းရပ်စ် တွေ့ရှိသူ သိပ္ပံပညာရှင်သုံးဦး ဆေးပညာဆိုင်ရာ နိုဘယ်ဆု ရရှိ
06 Oct 2020 1,472 Views
ကမ္ဘာတလွှား လူသန်းပေါင်းများစွာ အသည်းရောင်ရောဂါဖြစ်ရတဲ့ အကြောင်းရင်းတခုဖြစ်တဲ့ အသည်းရောင်အသားဝါ စီ-ပိုးကို ရှာဖွေတွေ့ရှိသူ သိပ္ပံပညာရှင်သုံးဦးဖြစ်တဲ့ အမေရိကန်က Harvey J. Alter နဲ့ Charles M. Rice၊ ဗြိတိသျှနွယ်ဖွား Michael Houghton တို့ကို ဆေးပညာဆိုင်ရာ နိုဘယ်ဆု ချီးမြှင့်လိုက်ပါတယ်။
ဒီ့အရင် တွေ့ရှိခဲ့တဲ့ အသည်းရောင် အသားဝါ အေ-နဲ့ ဘီ-ဗိုင်းရပ်စ်တို့ကြောင့် မဟုတ်ဘဲ ဖြစ်ရတဲ့ အသည်းရောင်ရောဂါ အကြောင်းရင်းကို ဒီသိပ္ပံပညာရှင်သုံးဦးက ရှာဖွေတွေ့ရှိတာဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း ဒီသိပ္ပံပညာရှင်သုံးဦးရဲ့ လုပ်ဆောင်ချက်ကြောင့် လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်ဖို့ အထောက်အကူပြုတယ်လို့ နိုဘယ်ကော်မတီက ပြောပါတယ်။
နှစ်စဉ် အသည်းရောင်-စီပိုး ကူးစက်မှု သန်း ၇၀ ကျော်ရှိပြီး လူလေးသိန်း အသက်ဆုံးရတယ်လို့ ကမ္ဘာ့ကျန်းမာရေးဖွဲ့က ခန့်မှန်းထားပါတယ်။ ဒီရောဂါပိုးဟာ နာတာရှည်ရောဂါ အသည်းကင်ဆာနဲ့ အသည်းရွတ်ရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ အသည်းရောင်အသားဝါ စီ-ပိုးဟာ ဘီ-ပိုးလိုပဲ သွေးကနေ ကူးစက်ပြီး အေ-ပိုးကတော့ အစားအသောက်ကနေ ကူးစက်တာပါ။
အသည်ရောင်အသားဝါပိုး အေ-နဲ့ ဘီ-ကို ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ တွေ့ရှိခဲ့တာပါ။ အေ-ပိုးလည်းမဟုတ် ဘီ-ပိုးလဲမဟုတ်တဲ့ အသည်းရောင် ရောဂါပိုး ကူးစက်မှု ရှိနေတာကို အမေရိကန်ပါမောက္ခ Harvey Alter က သွေးသွင်းကုသတဲ့လူနာတွေကို လေ့လာရာကနေ ၁၉၇၂ မှာ စတင်တွေ့ရှိပါတယ်။ ၁၉၈၉ မှာ ဗြိတိသျှပါမောက္ခ Michael Houghton က ဒီဗိုင်းရပ်စ် မျိုးဗီဇကို သီးခြားခွဲထုတ်နိုင်ခဲ့ပါတယ်။
Hepatitis C အသည်းရောင်အသားဝါ-စီ-ပိုးလို့ အမည်ပေးပါတယ်။ ဒီနောက် ပါမောက္ခ Charles Rice က ဒီဗိုင်းရပ်စ်ကို အပြီးသတ် သုတေသနပြုပြီး ချင်ပန်ဇီမျောက်ရဲ့ အသည်းထဲ ထိုးထဲ့စမ်းသပ်ပြီး အသည်းရောင်အသားဝါရောဂါပိုးဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တာပါ။
One Source: AP