BEC-TERO TV

ကမ္ဘာပေါ်ရှိ လူဦးရေ ၁၀ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောကြား

06 Oct 2020     1,421 Views


ကမ္ဘာပေါ်ရှိ လူဦးရေ ၁၀ ရာခိုင်နှုန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေ ရပြီး အကြမ်းဖျင်းအားဖြင့် ၁၀ ဦးလျှင် တစ်ဦးနှုန်း ကူးစက်ခံနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရေးပေါ် ကျန်းမာရေးအစီအစဉ်ဆိုင်ရာ အကြီးအကဲ ဒေါက်တာမိုက်ကယ်ရိုင်ယန်က ယနေ့ ပြောကြား ခဲ့သည်။

ယခုရောဂါဖြစ်ပွားမှုအခြေအနေအရ ခက်ခဲသောအချိန်များကို တွေ့ကြုံရလိမ့်မည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘာပေါ်ရှိ လူသားအများစုမှာ ကိုရိုနာဗိုင်းရပ်စ်ဘေးနှင့် ကြုံတွေ့ရဦးမည့် အခြေအနေတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက်လျက်ရှိသော်လည်း မကြာမီအချိန်တွင် ကာကွယ်ဆေးများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ကြောင်း မိုက်ကယ် ရိုင်ယန်က ပြောကြားသည်။

“ကာကွယ်ဆေးမပေါ်သေးသော်လည်း ကျန်းမာရေးဝန်ထမ်းများရဲ့ ကြိုးစားအားထုတ်မှုကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်”ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် ၃၄ နိုင်ငံ၏ ဘုတ်အဖွဲ့ အစည်းအဝေးတွင် လူသားများကို ကိုဗစ်-၁၉ ရောဂါမှ ကာကွယ်ရန် ကြိုးပမ်းခဲ့သော ကျန်းမာရေး လုပ်သားများအား မိနစ်အနည်းငယ် ငြိမ်သက်ဂါရဝပြုနေစဉ်အချိန်အတွင်း ဒေါက်တာမိုက်ကယ်ရိုင်ယန် က ပြောကြားသည်။

အရှေ့တောင်အာရှဒေသတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ မြင့်တက်နေသကဲ့သို့ ဥရောပနှင့် မြေထဲပင်လယ်အရှေ့ပိုင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနေကြောင်း သိရသည်။ “ကျွန်တော်တို့ရဲ့ လောလောဆယ်ခန့်မှန်းချက်တွေ အရ ကမ္ဘာ့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ အခြေအနေ တွေ့နေရပါတယ်”ဟု ဒေါက်တာမိုက်ကယ် ရိုင်ယန်က ပြောကြားသည်။

ကိုးကား - ဘလွန်းဘာဂ် ဘာသာပြန် - စိုးသူရ/MDN


06 Oct 2020     1,421 Views




RELATED

Most Popular of International News

Most Popular of NEWS