BEC-TERO TV

ကျန်းမာရေးအရလုံခြုံစွာမဲပေးနိုင်ရန်လေ့ကျင့်မည်ဟုအတိုင်ပင်ခံပြော

06 Oct 2020     1,436 Views


ရွေးကောက်ပွဲနေ့မှာ ပြည်သူတွေ ကျန်းမာရေးအရ လုံခြုံစွာ မဲပေးနိုင်မယ့် ပုံစံကို မနက်ဖြန် အောက်တိုဘာ(၆)ရက်ကစပြီး လေ့ကျင့်မှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အောက်တိုဘာ(၅)ရက်က ပြောကြားခဲ့တဲ့ COVID-19ရောဂါဖြစ်ပွားမှုနောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုထည့်သွင်းပြောကြားသွားတာပါ။

“ဒီအချိန်မှာဆိုရင် ကျွန်မတို့နိုင်ငံက အားလုံးစုပေါင်းပြီး၊ အင်အားတွေကိုစုပြီး ကိုဗစ်ကိုလည်းကျော်လွှားရမယ်။ ရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင်ဖြစ်အောင် ကျင်းပရမယ်။ ဒီနှစ်ခုကို အမြဲတွဲပြီး စဉ်းစားပါတယ်။ ဘယ်လိုစဉ်းစားလဲဆိုတော့ အထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ပြည်သူပြည်သူများဟာ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်ဖို့ကို ကျွန်မတို့ စီစဉ်ပါတယ်။ အဲ့ဒီအတွက်လည်း သေသေချာချာလေ့ကျင့်ပါတယ်။

ဥပမာဆိုရင် မနက်ဖြန်မှာ ပထမဆဦးဆုံးအကြိမ် တကယ့်ကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ ဘယ်လိုပုံစံနဲ့ မဲရုံတွေမှာကျင်းပမလဲ၊ ပြည်သူတွေ ဘယ်လိုပုံစံနဲ့ ကျန်းမာရေးအရ လုံလုံခြုံခြုံနဲ့ မဲပေးနိုင်အောင် စီစဉ်မလဲဆိုတာ လေ့ကျင့်ပြီးတော့ သေသေချာချာစစ်ဆေးပါမယ်၊”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ လေ့ကျင့်မှုကို ရွေးကောက်ပွဲမတိုင်မီ(၃)ကြိမ်ပြုလုပ်မှာဖြစ်ပြီး အဲ့ဒီ(၃)ကြိမ်အပေါ်မှာ အခြေခံပြီး ဘယ်လိုစည်းကမ်းတွေချမှတ်မလဲဆိုတာကို သေသေချာချာ စဉ်းစားမှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအစီအစဉ်တွေကို ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီးအကောင်အထည်ဖော်မှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ လက်ရှိမှာ ပြည်ပနိုင်ငံတွေကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ သက်ဆိုင်နိုင်ငံတွေက မြန်မာသံရုံးတွေမှာ ကြိုတင်မဲပေးနေကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသွားပါတယ်။

One ဓာတ်ပုံ-MSCO


06 Oct 2020     1,436 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS