အောင်နိုင်ရေးသီချင်းဖွင့်ရာမှတဆင့် မြိုင်မြို့နယ်NLDအလုပ်အမှုဆောင်အိမ် လူအုပ်ဖြင့်ဖျက်ဆီးခံရမှု တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဆင်းစစ်
05 Oct 2020 1,495 Views
အောင်နိုင်ရေးသီချင်းဖွင့်ရာမှတဆင့် စကားများပြီး လူအုပ်စုဖြင့် ဖျက်ဆီးခံလိုက်ရသည့် မြိုင်မြို့နယ်NLDအလုပ်အမှုဆောင်ဦးမြင့်နိုင်၏ နေအိမ်ကိစ္စကို ယမန်နေ့က မကွေးတိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးလှိုင်တင့်နှင့်အဖွဲ့က လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၈ရက်နေ့ကစပြီး ကျေးရွာတာဝန်ရှိသူထံ ခွင့်ပြုချက်တင်ကာ မနက် ၆နာရီမှ ည ၉ နာရီအထိ တိုင်များပေါ် လွှင့်တင်ထားသည့် ဟွန်း ၄လုံးအပြင် ဘောက်များဖြင့် အောင်နိုင်ရေးတေးသီချင်း၊မိန့်ခွန်းများ ဖွင့်နေသည့်မြိုင်မြို့နယ် ကန်နီကျေးရွာ နေဦးမြင့်နိုင်အိမ်ကို အောက်တိုဘာ ၃ရက်နေ့ ည ၇နာရီခန့်က အမျိုးသားတစ်ဦး ဓါးဖြင့်ရ န်လာရှာရာမှတဆင့် နောက်ဆက်တွဲအနေဖြင့် နေအိမ်အပါအဝင် ကားများဖျက်ဆီးခံလိုက်ရကာ ရုန်းရင်းဆန်ခတ်ဖြစ်စဥ် ရပ်တန့်စေရန်လာရောက်ဖြေရှင်းပေးသည့်၊ လူအုပ်ကြီးကြားထဲမှ မိသားစုဝင်များကို ဘေးလွှတ်ရာသို့ ခေါ်ထုတ်ခဲ့သည့်ရဲတပ်ဖွဲ့ဝင်နှင့်အုပ်ချုပ်ရေးတာဝန်ရှိသူတို့၏ ယာဉ်များပါ ဖျက်ဆီးခံခဲ့ရသည်အထိ ဖြစ်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နေအိမ်ဖျက်ဆီးခံလိုက်ရသည့် ဦးမြင့်နိုင်နှင့် ကျေးရွာသားအချို့၏ ပြောကြားချက်မှာမူ ကွဲလွဲမှုအနည်းငယ်ရှိနေသည်။ ဦးမြင့်နိုင်က“နေဝင်းဆိုတဲ့သူက ဓါးကိုင်ပြီး လာတားတာ။သူက ၂၀၁၅တုန်းကလည်း ကျွန်တော့်ကို လှံနဲ့ ထိုးဖူးတယ်။အဲ့တုန်းကတော့ ကျွန်တော်က ကျေအေးပေးလိုက်တယ်။ခုက သူကရန်ရှာပြီး နောက်ဆက်တွဲတွေ အများကြီးဖြစ်လာလို့ အမှုဖွင့်လိုက်တာ”ဟု ပြောသည်။
ကျေးရွာသားအချို့ကမူ ဦးမြင့်နိုင်နှင့် အဖွဲ့သည် လာတားသူကို ထိုးကြိတ်ခဲ့၍ ဖူးရောင်ဒဏ်ရာများဖြင့် ဆေးရုံတင်ရသည်အထိဖြစ်သွားသည့်အတွက် ကျေးရွာသားတို့က မခံမရပ်နိုင်ဖြစ်ပြီး ယခုဖြစ်စဉ်ဖြစ်ခဲ့သည်ဟုဆိုသည်။ “အောင်နိုင်ရေးသီချင်းဖွင့်တာကို လာတားသူရဲ့ ရုပ်သံ ကျွန်တော့်ဆီမှာ ရှိပါတယ်။သူ ဘာကြောင့် လာတားတယ်။စတာတွေကို ဖြေထားတာရှိပါတယ်”ဟု ဦးမြင့်နိုင်ကပြောသည်။
စကားများရန်ဖြစ်မှု၏ နောက်ဆက်တွဲသည် နေအိမ်ကို အင်အားအလုံးအရင်းဖြင့် မင်းမဲ့စရိုက်ဆန်ဆန် ဖျက်ဆီးမှု၊လာဖြေရှင်းပေးသည့် ရဲနှင့် အုပ်ချုပ်ရေးအာဏာပိုင်တို့၏ ကားများကိုပါ ဖျက်ဆီးမှုက မဖြစ်သင့်ဟု ဝေဖန်ထောက်ပြမှုများကလည်း တစ်ဖက်တွင် ရှိနေသည်။ မြိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ခင်ဝင်းက “မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ ကား၊ခရိုင်ရဲမှူးရဲ့ ကား ထိခိုက်သွားတယ်။
ဒါနဲ့ ပတ်သက်ပြီး မနေ့ညနေက ကျေးရွာသား ၃၂ဦးကို ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ၆(၁) နဲ့ မြို့နယ်အုပ်ချုပ်ရေး၊ခရိုင်ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး အမှုဖွင့်လိုက်ပါတယ်။တိုင်းရဲတပ်ဖွဲ့မှူးကိုယ်တိုင် လာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်”ဟု ပြောသည်။
ဦးမြင့်နိုင်ကလည်း မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းတွင် ယမန်နေ့ ညပိုင်းက တိုင်ချက်ဖွင့်ထားက ဦးဆောင်သူ ၁၀ဦး၊ပါဝင်သူ ၂၁ဦးနှင့် ကိုနေဝင်းဆိုသူတို့ကို သီးခြားစီအမှုဖွင့်တိုင်တန်းထားသည်ဟု သိရသည်။ အောင်နိုင်ရေးတေးသီချင်းကို မဖွင့်ရန် သွားတားစဉ် ဝိုင်းဝန်းထိုးကြိတ်ခံရသူ ဘက်ကလည်း တန်ပြန်အမှုဖွင့်ရန် စီစဉ်နေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေပြီး အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
နောင်နောင်/Myanmar Harp