BEC-TERO TV

ဒေါ်လာ ၂၃သန်းတန် တိုင်တေနီယမ်အိမ်သာအိုးကို နိုင်ငံတကာအာကာသစခန်းသို့ ပို့ဆောင်

05 Oct 2020     1,559 Views


နာဆာကနေ အာကာသထဲကို ဒေါ်လာ၂၃သန်းတန် တိုင်တေနီယမ်အိမ်သာအိုးတစ်လုံးကို ပို့ဆောင်လိုက်ပါတယ်။ နာဆာကနေ ဆယ်စုနှစ်နဲ့ချီကြာပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်ပို့လိုက်တဲ့အဆင့်မြင့်အိမ်သာအိုးစနစ်ဖြစ်ပြီး အမျိုးသမီးတွေအသုံးပြုရပိုအဆင်ပြေအောင်စီမံထားတဲ့ အာကာသအိမ်သာအိုးလည်းဖြစ်ပါတယ်။

အဆင့်မြှင့်ထားတဲ့ ဒီအာကာသသုံးအိမ်သာအိုးကို နိုင်ငံတကာအာကာသစခန်း ISSမှာ အာကာသယာဉ်မှူးတွေ စမ်းသပ်အသုံးပြုဖို့ ပို့ဆောင်လိုက်တာဖြစ်ပြီး လဆီကို လူသားခြေချသွားရောက်မှုမှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အလေးချိန် ပေါင် ၁၀ဝမျှသာရှိပြီး ၂၈လက်မသာမြင့်တဲ့ အိမ်သာအိုးဖြစ်ပါတယ်။ ရုရှားကတည်ဆောက်ထားပြီး ISSမှာအသုံးပြုနေတဲ့ အိမ်သာအိုးနှစ်ခုရဲ့အရွယ်အစားတွေထက် တစ်ဝက်လောက်သာရှိတယ်လို့လည်း သိရပါတယ်။

သယ်ဆောင်ရတဲ့အလေးချိန်နဲ့ နေရာယူမှုပိုသက်သာပြီး လာမယ့်နှစ်အနည်းငယ်အတွင်း နာဆာအာကာသယာဉ်မှူးတွေကို လဆီသယ်ဆောင်သွားမယ့် NASA Orionအာကာသယာဉ်ခန်းမှာ အံဝင်ခွင်ကျဖြစ်စေမယ်လို့လည်း သိရပါတယ်။ အရင်ကထက်ပိုပြီးသုံးစွဲရအဆင်ပြေစေတဲ့ဒီဇိုင်းဖြစ်ပြီး ISSမှာ လက်ရှိနေထိုင်နေတဲ့ အာကာသယာဉ်မှူးတွေက လအနည်းငယ်ကြာ စမ်းသပ်အသုံးပြုသွားမှာဖြစ်တယ်လို့ ဂျွန်ဆင်အာကာသစင်တာရဲ့ စီမံကိန်းမန်နေဂျာမယ်လစ်ဆာမက်ကင်လေက ဆိုပါတယ်။

အာကာသအိမ်သာတွေမှာ ရေနဲ့မြေဆွဲအားကိုမသုံးဘဲ လေစုပ်တဲ့စနစ်နဲ့သာ အညစ်အကြေးကို ဆွဲယူဖယ်ရှားပေးတာဖြစ်ပြီး ကျင်ငယ်ကို Recycleစနစ်နဲ့ ပြန်စုဆောင်းသန့်စင်ကာ သောက်သုံးဖို့နဲ့ချက်ပြုတ်ဖို့ ရေအဖြစ်ပြန်သုံးကြတာဖြစ်ပါတယ်။ ဒီအိမ်သာအိုးအသစ်ရဲ့ကျင်ငယ်သန့်စင်မှုစနစ်မှာ တိုင်တေနီယမ်နဲ့ အက်စစ်ဒဏ်ကို ခံနိုင်ရည်ရှိတဲ့သတ္တုစပ်တွေကိုရွေးချယ်အသုံးပြုထားတာဖြစ်ပါတယ်။

သန့်စင်ခန်းသွားတယ်ဆိုတဲ့ကိစ္စကရိုးရှင်းတယ်လို့ထင်ရပေမယ့် မြေဆွဲအားမရှိတဲ့နေရာမှာ အခုလိုအရိုးရှင်းဆုံးအရာတွေကတောင် အတော်လေးခက်ခဲပါတယ်လို့ နာဆာအာကာသယာဉ်မှူးတစ်ဦးဖြစ်တဲ့ မိုက်ခ်ဟော့ပ်ကင်းစ်က ဆိုပါတယ်။

Ref : Guardian သံသာ/ပြည်မြန်မာ


05 Oct 2020     1,559 Views




RELATED

Most Popular of International News

Most Popular of NEWS