ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ကုန်စိမ်းရောင်းဝယ်သူများ အရှုံးပေါ်
05 Oct 2020 1,389 Views
မန္တလေးမြို့အတွင်းရှိ မြို့နယ်အသီးသီးတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကုန်စိမ်းရောင်းသူများ အရှုံးပေါ်လျက်ရှိကြောင်း သရက်တန်းကျေးရွာမှ ကုန်စိမ်းရောင်းချသူ ကိုကျော်စိုးထံမှသိရသည်။ ကုန်စိမ်းရောင်းဝယ်မှု လုပ်ငန်းတွင် ကုန်စိမ်းရောင်းဝယ်သူများက စိုက်ပျိုးသူ တောင်သူများထံမှ ကုန်စိမ်းများကို ပစ္စည်းရှားသည်ဖြစ်စေ ပစ္စည်းပေါသည်ဖြစ်စေ တစ်နှစ်ပတ်လုံး ဖောက်သည်ယူမည်ဆိုသော နားလည်မှု နှုတ်ကတိများဖြင့် အရောင်းအဝယ် ပြုလုပ်ခြင်းဖြစ်သည်။
တောင်သူများကလည်း ကုန်စိမ်းရောင်းဝယ်သူများထံ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချကြသည်။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မန္တလေးမြို့ရှိ ကုန်စိမ်းဈေးကို နံနက်လေးနာရီမှ ခြောက်နာရီအထိ ရောင်းချချိန် သတ်မှတ်ထားသည့်အတွက် ဈေးရောင်းချရသည့် အချိန်နည်းခြင်း၊ ကုန်စိမ်းများ အပြိုင်ပေါ်ခြင်း၊ ဈေးသို့လာရောက်ဝယ်ယူသူ နည်းပါးခြင်းများကြောင့် ကုန်စိမ်းရောင်းသူများ အရှုံးပေါ်နေခြင်းဖြစ်သည်။ လက်ရှိကာလတွင် ကုန်စိမ်းများ ရောင်းမကောင်းသည့်အတွက် လက်ကျန် ကုန်စိမ်းများကို နွားစာကျွေးရာတွင် အသုံးပြုနေရကြောင်း ကုန်စိမ်းရောင်းဝယ်သူ ကိုကျော်စိုးက ရှင်းပြသည်။
တိမ်တမန်/MDN