BEC-TERO TV

ရန်ကုန်-ဆာပါချောင် ခရီးစဉ်အား ရန်ကုန်မြို့Lockdown ဖြေလျှော့ချိန်တွင် ပြန်လည်ပြေးဆွဲမည်

01 Oct 2020     1,504 Views


ရန်ကုန်မြစ်တစ်ဖက်ကမ်းရှိ ဒလမြို့နယ် ဆာပါချောင်မှ ခရီးသွားပြည်သူများနှင့် ဝန်ထမ်းများ ရန်ကုန်မြို့သို့သွားလာရေး အဆင်ပြေချောမွေ့စေရန် ဩဂုတ် ၁ ရက်နေ့မှစ၍ လမ်းသစ်ဗောတံတားမှ ဆာပါချောင်သို့ Yangon water bus ခရီးစဉ်ကို ပြေးဆွဲခဲ့ပြီး အများပြည်သူ သွားလာရေးအဆင်ပြေ ချောမွေ့ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် တုန့်ပြန်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့အား Lockdown ပြုလုပ်ခဲ့၍ ထိုသတ်မှတ်ချက်အား ဖြေလျှော့ပြီးပါက မူလအတိုင်း ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စက်တင်ဘာ ၂၄ ရက်နေ့ကစပြီး ခရီးစဉ်ကို နားထားတာပါ။ Lockdown ပြီးသွားတာနဲ့ ပုံမှန်ခေါက်ရေအတိုင်း ပြန်လည်ပြေးဆွဲမှာပါ။ ကိုဗစ်ကာလ ပြီးသွားရင်တော့ အခြားလိုင်းတွေလည်း တိုးချဲ့ပြေးဆွဲဖို့ရှိပါတယ်” ဟု ရေယာဉ်၏ ကပ္ပတိန်ဖြစ်သူ ဦးမြတ်ကျော်က ပြောသည်။ ယာဉ်ကြောပိတ်ဆို့မှုကြောင့် မြို့ပတ်ရထားကို အားပြုရသော ခရီးသွားပြည်သူတို့ အနေဖြင့် အင်းစိန်ကြိုးတံတားမှ ဗိုလ်တထောင်ဘုရားသို့ Yangon water bus ခရီးစဉ် ပြေးဆွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်မှ ပြည်သူများသွားလာရေး အဆင်ပြေချောမွေ့ခဲ့ပြီး ရုံးပိတ်ရက်များတွင်လည်း သံလျင်နှင့် တွံတေးမြို့ ခရီးစဉ်များဖြင့် ရန်ကုန်မြို့နေ ပြည်သူတို့၏ တစ်နေ့တာ အပန်းဖြေခြင်းနှင့် ဗဟုသုတ ခရီးစဉ်တို့ကို ဝန်ဆောင်မှုပေးခဲ့သည်။

အဆိုပါ ခရီးစဉ်များရပ်နားခဲ့ပြီးနောက် မော်တင်ဆိပ်ကမ်းရှိ လမ်းသစ်ဗောတံတားမှ ဒလမြို့နယ် ဝန်ထမ်းအိမ်ရာဖြစ်သော ဆာပါချောင်သို့ နံနက် ၆ နာရီမှ ၉ နာရီ၊ ညနေ ၃ နာရီခွဲမှ ၇ နာရီထိ နံနက် ၈ ခေါက်၊ ညနေ ၈ ခေါက်ဖြင့် တစ်ရက်လျင် ၁၆ ခေါက် တစ်ဦးလျင် ငွေကျပ် ၃၀၀ ဖြင့် ပြေးဆွဲခဲ့ရာ မိုးရာသီ၌ တွံတေးတူးမြောင်းအနီးတွင်ရှိသော ဆာပါချောင်မှ ခရီးသွားပြည်သူများ ရန်ကုန်မြို့သို့ သွားလာရေး အဆင်ပြေချောမွေ့ခဲ့သည်။

ရန်ကုန်မြစ်ပြင်ကို ဖြတ်သန်းပြေးဆွဲသော Yangon water bus ရေယာဉ်အား ပြည်ပမှ မှာယူပြေးဆွဲခြင်း ဖြစ်ပြီး ရေယာဉ်အတွင်း၌ အဲယားကွန်း၊ တီဗီ၊ လေးယောက်စီး ဆိုဖာထိုင်ခုံနှင့် အသက်ကယ်အင်္ကျီများ ပါရှိ၍ ခရီးသွားပြည်သူ ၅၀ ကျော်၏ လုံခြုံမှုကို ပေးလျက်ရှိကာ ပြေးဆွဲနေသော ခရီးစဉ်အား စက်တင်ဘာ ၂၄ ရက်နေ့တွင် ယာယီရပ်နားခဲ့ပြီး ရန်ကုန်မြို့ Lockdown ဖြေလျှော့ပြီးပါက ရန်ကုန်-ဆာပါချောင် ခရီးစဉ်ကို ပြန်လည်ပြေးဆွဲ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက် / MDN


01 Oct 2020     1,504 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS