မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့်ထားရှိမည့် ယာယီဆေးရုံဆောက်လုပ်လျက်ရှိ
01 Oct 2020 1,404 Views
မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၃၀၀) ခန့်ထားရှိမည့် ယာယီဆေးရုံဆောက်လုပ်လျက် ရှိကြောင်း သိရသည်။ မွန်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာတွေထားရှိရန် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးနှင့် ကျန်းမာရေးဌာနမှ ဝန်ထမ်းအိမ်ရာတို့ကို အသုံးပြုနေပြီး လတ်တလော ကူးစက်မှုများလာသော အခြေအနေတွင် အတည်ပြုလူနာ များထားရှိရန် နေရာအခက်အခဲရှိလာသည့်အတွက် ယာယီဆေးရုံကို ဆောက်လုပ်ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။
အဆိုပါယာယီဆေးရုံကို ပေ ၈၀၊ ပေ ၃၂၀ Steel Structure အမျိုးအစားဖြစ်ပြီး မော်လမြိုင်မြို့မှ ဒေသခံ အလှူရှင်တစ်ဦးက ဆောက်လုပ်လှူဒါန်းပေးခြင်း ဖြစ်သည်။ ယင်းအလှူရှင်သည် မူလက ပေ (၆၀) x ပေ (၁၂၀) အရွယ်အစားရှိတဲ့ ယာယီဆေးရုံ(၃)လုံးကို လှူဒါန်း ဆောက်လုပ်ပေးသော်လည်း ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကြောင့် အဆောက်အဦတစ်လုံးကိုသာ ဆောက်လုပ်နေတယ်လို့ ဝန်ကြီးက ဆက်လက်ပြောသည်။
"သူက ၃ လုံးဆောက်ပေးဖို့ အဆိုပြုတာပေါ့၊ ၆၀ ပေ× ၁၂၀ ပေ ပေါ့၊ အဲလိုဆိုရင် ဆေးရုံအုပ်ကြီးက ပြောတယ်ပေါ့၊ ဒီဝန်ထမ်းတွေကို ခွဲပေးလို့ အဆင်မပြေဘူးပေါ့၊ အဲဒါ့ကြောင့် တစ်ခုပဲ ဆောက်တယ်၊ ပေ ၈၀× ပေ ၃၂၀ ပေါ့နော်၊ လူနာအရေအတွက်က ၃၀၀ နီးပါးဆံ့နိုင်တယ်"ဟု လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။ ယာယီဆေးရုံကို စက်တင်ဘာ ၂၅ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး ၂ ပတ်အတွင်းပြီးစီးအောင် ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီဆေးရုံကို ဆရာဝန်ကြီးတွေ ယာယီဆေးရုံကို သွားရောက်ကြီးကြပ်ကုသပေးရာမှာ သွားလာရေး လွယ်ကူစေဖို့ ဆေးရုံကြီးအနီးရှိ မော်လမြိုင်မြို့ အထက(၁)ကျောင်းဘောလုံးကွင်းအတွင်းမှာ ဆောက်လုပ်ထား ကြောင်း သိရသည်။ ယာယီဆေးရုံတွင် လူနာများ စစ်ဆေးမည့်နေရာ၊ လူနာများ နေထိုင်ရန်အခန်းများ၊ PPE ဝတ်စုံ ဝတ်ဆင်ခန်း၊ ဆရာဝန်နှင့် သူနာပြုများနားနေခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ Toilet၊ လူနာကြိုပို့ယာဉ်ထားရှိမည့် နေရာနှင့် CCTV ကင်မရာတို့ကအစ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဟိန်း(ပေါင်)/MDN