မရမ်းကုန်းမြို့နယ် ဖျားနာကုဆေးခန်းသို့လာပြသူအများစုမှာ အနံ့မရသူများဖြစ်
25 Sep 2020 1,381 Views
မရမ်းကုန်းမြို့နယ်တွင်ဖွင့်လှစ်ထားသော ဖျားနာကုဆေးခန်းသို့ လာရောက်ပြသသူ ၁၀၀ ကျော်အနက် အများစုမှာ အနံ့မရသူများဖြစ်ကြောင်း ဆေးခန်းတာဝန်ခံဆရာဝန် ဒေါက်တာရဲလင်းစိုးက အတည်ပြု ပြောကြားသည်။ အဆိုပါဆေးခန်းကို အင်္ဂါ၊ ကြာသပတေးနှင့် စနေသုံးရက်ဖွင့်လှစ်ရာ ယခုတစ်ပတ်အင်္ဂါနှင့် ယနေ့တွင် လာရောက်ပြသသူ ၁၁၈ ဦးရှိပြီး ၎င်းတို့အနက် လူနာ ၁၀၀ ခန့်မှာ အနံ့မရသည့်လက္ခဏာများ စစ်ဆေး တွေ့ရှိရသည်ဟု ၎င်းက ဆိုသည်။
"အနံ့မရတဲ့သူ တစ်ရာဝန်းကျင်လောက်ရှိတယ်ဆိုတာက ဘယ်လိုခေါ်မလဲ သူတို့ကတော့ ဖျားလို့အနံ့မရလို့ လာပြကြတာပေါ့။ ဒီတစ်ပတ် ပြီးခဲ့တဲ့အင်္ဂါနေ့ရယ်၊ ဒီနေ့ကြာသာပတေးနေ့ရယ်ဆိုရင် တစ်ရာဝန်းကျင်ရှိတယ်။ ဒါကိုကျွန်တော်တို့က ပြန်ပြီးစစ်ဆေးပါတယ်။ တကယ်အနံ့မရတာလား တချို့က နည်းနည်းအနံ့မရတာရှိတယ် ။ တချို့နှာခေါင်းပိတ်လို့အနံ့မရတာရှိတယ်"ဟု ဒေါက်တာရဲလင်းစိုးက ပြောသည်။
ဆေးခန်းလာပြသူများအနက် အနံ့မရသူများကို တွေ့ရှိရသော ရောဂါလက္ခဏာအပေါ်မူတည်၍ အင်းစိန်ဆေးရုံကြီးသို့ ဆက်သွယ်ပေးပို့သူ ၊နေအိမ်အသွားအလာကန့်သတ်ခြင်းဖြင့် နေထိုင်စေသူ ၊ ကွာရန်တင်းစင်တာပို့ဆောင်ထားရှိမည့်သူ စသဖြင့် အမျိုးအစားခွဲဆောင်ရွက်ထားရှိကြောင်း ၎င်းက ရှင်းပြသည်။ "ကျွန်တော်တို့ ဆေးခန်းစဖွင့်ခါစအချိန်တုန်းကတော့ အနံ့မရဘူးဆိုရင် အင်းစိန်ဆေးရုံတန်းပို့တယ်။
အခုလက်ရှိ ဆေးရုံမှာလည်းခုတင်တွေက အလွတ်သိပ်မရှိတော့ဘူး။ လူနာပြည့်နေတယ်။ ဒါကြောင့်တချို့ကို သတ်မှတ်နေရာမှာ စည်းကမ်နဲ့အညီနေပြီး ခဏစောင့်ခိုင်းထားရတယ်။နောက်နေ့တွေကျမှ ဆက်ပို့ပေါ့ ။ ဒီလိုမျိုးဆောင်ရွက်နေရတယ်"ဟု ဒေါက်တာရဲလင်းစိုးက ဆိုသည်။ "ကျွန်တော်တို့သိရတာတော့ ဆေးခန်းလာပြတဲ့သူတော်တော်များများက ရောဂါလက္ခဏာရှိတဲ့သူများတယ်လို့ သိရပါတယ်။
အဲဒီအထဲမှာ လာပြတဲ့သူတွေက မရမ်းကုန်းတစ်မြို့နယ်တည်းတော့ မဟုတ်ဘူး။ မြို့နယ်ချင်း ဆက်စပ်နေတဲ့ လှိုင်အပါအဝင်တခြားမြို့နယ်တွေကလာပြတဲ့သူတွေကိုလည်း လက်ခံကုသပေး နေတာဖြစ်ပါတယ်"ဟု မရမ်းကုန်းမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးရန်ရှင်းက ပြောသည်။ အထက်ပါ မရမ်းကုန်းမြို့နယ် ဖျားနာကုဆေးခန်းကို ယခုနှစ် ဇွန်လဆန်းက စတင်ဖွင့်လှစ်ခဲ့ပြီး တစ်ပတ်လျှင်သုံးရက်နှင့် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဖွင့်လှစ်ထားရှိသည်။ ဆေးခန်းစဖွင့်ချိန်မှ ယနေ့အချိန်ထိ ဆေးခန်းလာပြသူများတွင် COVID-19 ရောဂါအတည်ပြုလူနာ ၃၀ ကျော် တွေ့ရှိထားသည်။
မင်းလွင်(7 Day)