BEC-TERO TV

လူ ၇၀၀ ကျော်ရှိသည့် အထည်ချုပ်စက်ရုံမှ လုပ်သား တစ်ဦးတွင် ကိုဗစ်ပိုးတွေ့

21 Sep 2020     1,397 Views


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လူ ၇၀၀ ကျော် အလုပ်လုပ်နေသည့် တရုတ်နိုင်ငံသားပိုင် ဟီရှန်အထည်ချုပ်စက်ရုံမှ အလုပ်သမတဦးထံတွင် စက်တင်ဘာ ၁၉ ရက်နေ့က ကူးစက်မြန် COVID – 19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။ ပုသိမ်မြို့၊ ဟီရှန်အထည်ချုပ်စက်ရုံမှ အသက် ၃၃ နှစ်အရွယ်ရှိ အမျိုးသမီးတဦးမှာ စက်တင်ဘာ ၁၆ ရက်နေ့က စတင်၍ ဖျားနာနေသဖြင့် စက်ရုံမှခွင့်ယူပြီးနောက် သူမနေထိုင်ရာ ကန်ကြီးထောင့်မြို့နယ်အတွင်းမှ ကျေးရွာရှိ သားဖွားဆေးခန်းတွင် ဆေးထိုးခဲ့ကြောင်း သိရသည်။

နောက်ပိုင်းတွင် အနံ့ပျောက်သွားသည့်အတွက် ပုသိမ်မြို့ရှိ လူထု အခြေပြုဆေးခန်း – Community Fever Clinic သို့ စက်တင်ဘာလ ၁၈ ရက်နေ့တွင် လာရောက်ပြသခဲ့ပြီး အဆိုပါ ဆေးခန်းမှ ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီးသို့ လွဲှပြောင်းပို့ဆောင်ခဲ့ရာ ပုသိမ်ဆေးရုံ၌ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သီဟအောင်က “ပိုးတွေ့လူနာကို လောလောဆယ် ပုသိမ်ဆေးရုံကြီးမှာ ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်။

သူမနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူ ၂၀ ဦးကို ကွာရန်တင်းထည့်ထားပါတယ်။ နောက်ထပ်လည်း ထပ်ရှာနေပါတယ်” ဟု ပြောသည်။ ပိုးတွေ့ခဲ့သူလူနာအမျိုးသမီးမှာ COVID – 19 ရောဂါပိုး ရှိသူနှင့် ထိတွေ့ခဲ့မှုမရှိသလို ခရီးသွားရာဇဝင်မရှိသူလည်းဖြစ်ကြောင်း ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ထံက သိရသည်။ ဟီရှန်အထည်ချုပ်စက်ရုံမှ ပိုးတွေ့လူနာ အမျိုးသမီးအလုပ်သမားနှင့် တိုက်ရိုက်ထိတွေ့ခဲ့သဖြင့် ပုသိမ် ကွာရန်တင်းစင်တာတွင် အသွားအလာကန့်သတ်ထားသူများမှာ သူမနှင့် ကားအတူစီးခဲ့သူ ၇ ဦး၊ စက်ရုံတွင် အလုပ်အတူလုပ်သူ စက်ရုံအလုပ်သမား ၈ ဦးနှင့် လူနာ၏မိသားစုဝင် ၅ ဦးတို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူ ၂၀ ဦးထဲမှ အရေးကြီးသူ ၉ ဦးကို ယနေ့တွင် ဓာတ်ခွဲနမူနာရယူ၍ ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးသွားမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ လက်ရှိတွင် ကိုဗစ်လူနာ တွေ့ရှိခဲ့သည့် ဟီရှန်အထည်ချုပ်စက်ရုံကို ယာယီပိတ်ထားပြီး လူအင်အား ၇၀၀ ကျော် ရှိသည့် စက်ရုံအလုပ်သမားနှင့် ဝန်ထမ်းအားလုံး အပြင်မထွက်ဘဲ နေအိမ်၌ Stay at Home နေထိုင်ကြရန် ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ညွန်ကြားထားသည်။

ဓာတ်ပုံ/ ဟီရှန်အထည်ချုပ်စက်ရုံမှ ပိုးတွေ့လူနာနှင့် တိုက်ရိုက်ထိတွေ့သူများကို ပုသိမ်တက္ကသိုလ် ကွာရန်တင်းစင်တာသို့ ပို့ဆောင်နေစဉ်

ဆလိုင်းသန့်စင်(ဧရာဝတီ)


21 Sep 2020     1,397 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS