ပန်းလောင်နှင့်ပြဒါးလင်းဂူကို ရှေးဟောင်းသုတေသနဥယျာဉ်အဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေဟုဆို
18 Sep 2020 1,541 Views
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ် ၊ ရန်ကျေးရွာအုပ်စုတွင် ကျောက်ခေတ်လူ သားများ နေထိုင်ခဲ့သည့် ပန်းလောင်နှင့် ပြဒါးလင်းဂူတောရိုင်းတိရစ္ဆာန်ဘေးမဲ့ တောကို ရှေးဟောင်းသုတေသနဥယျာဉ် အဖြစ် တိုးမြှင့်ဆောင်ရွက်ရန် စီစဉ်နေ ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာနမှ စက်တင်ဘာလ ၁၂ ရက်တွင် သိရသည်။
ပန်းလောင်နှင့်ပြဒါးလင်းဂူ တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် စုစု ပေါင်းဧက ၈၂၄၈၃ ရှိကာ လွန်ခဲ့သော နှစ်ပေါင်း ၁၃၄၀၀ ခန့်က ကျောက်ခေတ် ယဉ်ကျေးမှု ထွန်းကားခဲ့သော ပြဒါးလင်း ဂူတွင် နံရံဆေးရေးပန်းချီများ၊ ကျောက် စက်ပန်းဆွဲ၊ ကျောက်စက် မိုးမျှော်များကို လေ့လာနိုင်သည့်အပြင် ငှက်ချေးတွင်း များ၊ သဘာဝငှက်များ၊ ရေပျော်ငှက်များ၊ နေရင်းဒေသရှိ ဒေါင်းများ၊ တောရိုင်း တိရစ္ဆာန် ဇီဝမျိုးစုံမျိုးကွဲများကို လေ့လာ နိုင်ကြောင်း သိရသည်။
” ပြဒါးလင်းဂူကို ခရီးသွားတွေလည် ပတ်စရာ ကောင်းအောင် ဆောင်ရွက်နေပါ တယ်။ ပြဒါးလင်းဂူက မန္တလေးနဲ့ရှမ်းပြည် နယ်အစပ်လောက်မှာရှိတော့ ခရီးသွား လုပ်ငန်းဆောင်ရွက်ဖို့ အလားအလာ ကောင်းတဲ့နေရာပါ။ ဒါကြောင့် ပြတိုက်၊ နားနေစခန်း၊ စားသောက်ဆိုင်၊ ကားရပ် နားကွင်းနဲ့အဆင့်မြင့်သန့်စင်ခန်းတွေ တည်ဆောက်ဖို့ လုပ်နေတာတွေရှိပါ တယ်” ဟု ရှမ်းပြည်နယ်တောင်ပိုင်း ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှုဦးစီးဌာန မှတာဝန်ရှိသူတစ်ဦးကပြောသည်။
ပန်းလောင်နှင့်ပြဒါးလင်းဂူ တော ရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် အထက် ရွက်ပြတ် ရေနှောတောစို၊ တောင်ပေါ် တော၊ အင်တိုင်းတော၊ အမြဲစိမ်းတော၊ မြက်ခင်းတော၊ ကိုင်းတော၊ ဝါးရုံတောများ တွေ့ရှိရပြီး သစ် ၁၄၈ မျိုး၊ ပရဆေး ၇၂ မျိုး၊ ဝါးမျိုး ၁၁ မျိုး၊ သစ်ခွ ၁၁၇ မျိုးရှိ သည့်အပြင် နို့တိုက်သတ္တဝါ ၃၅ မျိုး၊ ရေပျော်ငှက် ၁၇ မျိုး၊ ကုန်းနေရေနေ သတ္တဝါ ၄၆ မျိုး ၊ ငါးမျိုးစိတ် ၂၄ မျိုး၊ လိပ်ပြာ ၂၇ မျိုးနှင့် ပိုးတောင်မာ ၄၅ မျိုးတို့နေထိုင်ကျက်စားလျက်ရှိကြောင်းသိရသည်။
ရှိန်းဝင်းထိုက်(PM)
ဓာတ်ပုံ-Sai Lukhay