အင်းတကော် အပိုင် ခြေမြန်တပ်ရင်းတစ်ခုမှ တပ်ကြပ်ကြီးတစ်ဦးတွင် Covid 19 တွေ့ရှိ
17 Sep 2020 1,615 Views
ပဲခူးမြို့နယ် အင်းတကော်တပ်နယ် ခြေမြန်တပ်ရင်း တစ်ခုမှ တပ်ကြီးကြီးစာရေး တစ်ဦးတွင် covid 19 ပိုးတွေ့ရှိကြောင်း BagoWeekly ၏ သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ ပိုးတွေ့ရှိသော လူနာသည် စက်တင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ရုံးလုပ်ငန်းများ ဆောင်ရွက်နေစဥ် ကိုယ်အပူချိန် မြင့်လာသဖြင့် အမှတ် ၃ တပ်မတော် စစ်ဆေးရုံ အင်းတိုင်သို့ ပို့ဆောင်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့သည်။
ယင်းနောက် ကိုယ်အပူချိန် မကျသည့်အပြင် အနံ့ အရသာ မရတော့သည်များ ရှိလာသောကြောင့် စက်တင်ဘာ ၁၄ နံနက်ပိုင်း အချိန်တွင် အာခေါင်တို့ဖက် နှင့်နှာခေါင်းတို့ဖက် နမူနာယူ၍ အမှတ် ၁ တပ်မတော် မင်္ဂလာဒုံ စစ်ဆေးရုံကြီးတွင် စစ်ဆေးရာ covid 19 ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပိုးတွေ့လူနာ တပ်ကြပ်ကြီးနှင့် ဆက်စပ်သူများကို ကျန်းမာရေး စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်ပေးလျှက်ရှိသည်။
BagoWeekly