COVID-19ဒုတိယလှိုင်းကာလမိမိကိုယ်ကိုအဆုံးစီရင်သူ(၁၅၀)ကျော်ရှိ
17 Sep 2020 1,387 Views
မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း ပြည်တွင်းကူးစက်မှုတွေ ပြန်လည် ဖြစ်ပွားနေတဲ့ ကာလမှာ မိမိကိုယ်ကို အဆုံးစီရင်သူ (၁၅၀) ကျော်ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟက ပြောပါတယ်။ ဩဂုတ် (၁၉) ရက်ကနေ စက်တင်ဘာ (၁၅) ရက်ထိ မိမိကိုယ်ကို အဆုံးစီရင်သူဟာ အမျိုးသား (၁၂၁) ယောက် နဲ့ အမျိုးသမီး အယောက်(၃၀)၊ စုစုပေါင်း (၁၅၁) ယောက်ထိ ရှိနေတာပါ။
အဲဒီ မိမိကိုယ်ကို အဆုံးစီရင်သူတွေဟာ လူမှုရေး ကိစ္စကြောင့် အများဆုံး ဖြစ်ပြီး ကျန်မာရေးကိစ္စ ၊ စီးပွားရေး ကိစ္စ ၊ စိတ်ဖိစီးတာ ၊ အရက်ကြောင်တာ နဲ့ စိတ်ကျရောဂါ ဖြစ်တာတွေကြောင့်လည်း ပါဝင်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းအချက်အလက်တွေအရ သိရပါတယ်။ အဆုံးစီရင်သူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီးက (၂၄) ယောက်နဲ့ အများဆုံး ဖြစ်ပြီး အခြား တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေကလည်း ပါဝင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့ မတ် (၂၃) ရက်ကနေ ဇူလိုင် (၂၁) ရက် လေးလတာ ကာလအတွင်းမှာတော့ မိမိကိုယ်ကို အဆုံးစီရင်သူ (၆၄၆) ယောက် ရှိခဲ့တယ်လို့ ရဲမှူးကြီး ကျော်သီဟက ပြောထားပါတယ်။
သတင်း-ဝေယံထက်ဝင်း(One)
ဓာတ်ပုံ-Mawlamyine Rescue Organization