BEC-TERO TV

ဗဟိုရ်စည်ဆေးရုံမှ ဝန်ထမ်း ၃၁ ဦးနှင့် ဗဟိုရ်စည်ဟိုတယ်မှ ဝန်ထမ်းတစ်ဦးတို့တွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိ

16 Sep 2020     1,524 Views


စက်တင်ဘာ ၁၆ ရက် မနက်ပိုင်းက ထုတ်ပြန်ခဲ့သော COVID-19 လူနာသစ် ၁၃၄ ဦးစာရင်း၌ ဗဟိုရ်စည်ဆေးရုံမှ ဝန်ထမ်း ၃၁ ဦးနှင့် ဗဟိုရ်စည်ဟိုတယ်မှ ဝန်ထမ်းတစ်ဦးတို့တွင် ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း ဗဟိုရ်စည်အိမ်ရာ အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝေက ပြောကြားသည်။ “ဟုတ်ပါတယ်။

ဆေးရုံက ဝန်ထမ်း ၃၁ ယောက်နဲ့ ဗဟိုရ်စည်ဟိုတယ်က တစ်ယောက်ပါ။ အသေးစိတ် အချက်အလက်ကတော့ မသိရသေးပါဘူး။ ညနေလောက်မှ သိရပါမယ်” ဟု ဗဟိုရ်စည်အိမ်ရာ အမှတ် (၁၀) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်ဝေက ပြောကြားသည်။ COVID-19 အတည်ပြုလူနာသုံးဦး တွေ့ရှိခဲ့သည့် ဗဟိုရ်စည်အထူးကုဆေးရုံ၊ ဗဟိုရ်စည်အိမ်ရာဝင်း အတွင်းရှိ တိုက်ကိုးလုံးမှ လူနာများနှင့် ဆေးရုံဝန်ထမ်း အပါအဝင် ၂၃၉ ယောက်အား စက်တင်ဘာ ၁၀ ရက် ညနေ ၄ နာရီက Lockdown ချခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက် ဗဟိုရ်စည်အိမ်ရာဝင်း အတွင်းရှိ ဗဟိုရ်စည် အထူးကုဆေးရုံ ဖွင့်လှစ်ရာတိုက်များနှင့် လုပ်ငန်းဆောင်ရွက်ရာ တိုက်များကို Lockdown ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီအထိ COVID-19 အတည်ပြုလူနာ ၃၆၃၆ ဦးတွေ့ရှိခဲ့ပြီး အတည်ပြု လူနာများအနက် သေဆုံးသူ ၃၉ ဦး ရှိကြောင်း သိရသည်။

သီဟအောင်၊ မျိုးထက်ပိုင်


16 Sep 2020     1,524 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS