BEC-TERO TV

မင်္ဂလာဒုံမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည့်လမ်းများမှ အိမ်ထောင်စုများအား ဆန်၊ ဆီ များ လာရောက်လှူဒါန်း

15 Sep 2020     1,408 Views


ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါနှင့် စပ်လျည်း၍ Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့်မြို့နယ်ဖြစ်ပြီး Home Quarantine ထားရှိသော လမ်းအချို့လည်းရှိ ကြောင်း သိရသည်။ ထို Home Quarantine နေထိုင်သူများ စားသောက်ရေးအဆင်ပြေစေရန် အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိရာ ဦးဇော်လွင် မိသားစုမှ ပေါက်ကုန်းရပ်ကွက်၊ ကံ့ကော်မြိုင်လမ်းရှိ အိမ်ထောင်စု ၁၂ စုအတွက် တစ်စုလျှင် ဆန် ၁၅ ပြည်၊ ဆီ ၅၀ သားနှင့် ဆေးမျိုးစုံ၊ ချစ်တီးကုန်းရပ်ကွက်၊ ချစ်တီးကုန်း ၄ လမ်းရှိ အိမ်ထောင်စု ၅၄ စုအတွက် ဖြူစင်မေတ္တာစတိုးမှ ဆီ ၁ ပိဿာနှုန်းဖြင့် ၅၄ ပိဿာ၊ ဦးဇော်လွင် မိသားစုမှ အိမ်ထောင်စုတစ်စုလျှင် ဆန် ၁၀ ပြည်နှုန်းဖြင့် ၅၄၀ ပြည်၊ ပြန်လည်နေရာချထားရေး ရပ်ကွက် (ပလရ) အိမ်ခြေ ၅၀ မိသားစုများနှင့် ကျော်ဆန်ဆိုင်တို့က ပြန်လည်နေရာချထားရေး ရပ်ကွက် သစ္စာ ၁ လမ်းနှင့် သပြေလမ်းတို့ရှိအိမ်ထောင်စု ၅၃ စုအတွက် ဆန် ၅ ပြည်အိတ် ၅၃ အိတ်၊ ကြက်ဥ ၅၃၀ လုံး၊ ဆီ ၅၃ ပိဿာ၊ ခေါက်ဆွဲ ၆ ဖာနှင့် ၂၆၅ ထုပ်၊ ငါးသေတ္တာ ၁၀၆ ဘူး၊ ကန်စွန်း၊ ချဉ်ပေါင်အစရှိသည့် ဟင်းသီးဟင်းရွက်များ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ရန်ကုန်မြို့သူမြို့သားများ အနေဖြင့် မိမိနေအိမ်တွင် နေထိုင်ခြင်းဖြင့် စည်းကမ်းများကို တိတိကျကျ လိုက်နာကြရန်နှင့် မဖြစ်မနေ ပြင်ပသို့ သွားရောက်ရပါက နှာခေါင်းစည်းများ မဖြစ်မနေ တပ်ကြရန်၊ ရန်ကုန်မြို့သည် လူဦးရေများပြားသည့်အတွက် ယခုလိုကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား အထူးဂရု ပြု လိုက်နာကြရန်လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ထားကြောင်း သိရသည်။

ဆန်းကျော်ဦး (ပြန်/ဆက်)


15 Sep 2020     1,408 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS