BEC-TERO TV

မကွေးမြို့သို့ ဝင်ရောက်လာမည့် ကုန်တင်ကားများအား ယာယီရပ်နားစခန်း၌သာ ကုန်တင််ချခွင့်ပြုမည်

14 Sep 2020     1,502 Views


မကွေးမြို့ကို ရန်ကုန်ကနေ ဝင်လာရောက်မယ့် ကုန်တင်ကားတွေကို မြို့ထဲအထိ ဝင်ရောက်ခွင့် ပြုမှာ မဟုတ်ပဲ ယာယီရပ်နားစခန်းမှာပဲ ကုန်တင်ကုန်ချခွင့်ပြုမှာ ဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံး ယာဥ်လိုင်းများ ကြီးကြပ်ရေး ကော်မတီ တာဝန်ရှိသူက ပြောပါတယ်။ ယာယီရပ်နားစခန်းကို မကွေးမြို့နယ် မကြီးကန်ကျေးရွာ အထက(ခွဲ) ကျောင်း အတွင်း ယာယီ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကိုလည်း မကွေးမြို့တွင်းကို ဝင်ခွင့်မရမှာ မဟုတ်ဘဲ ဒေသခံယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကို အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု (၁၄)ရက် နေထိုင် ပြီးမှ ဝင်ခွင့်ပြုမယ်လို့သိရပါတယ်။ “ မကွေးမြို့မှာ ကုန်စည်စီးဆင်းမှုမရပ်တန့်စေဖို့၊ ရောဂါကြိုတင်ကာကွယ်ဖို့ အတွက် ယာယီရပ်နားစခန်းမှာ ပဲ ကုန်တင်ကုန်ချ ပြုလုပ်ရမှာ ဖြစ်တယ်။ မြို့ထဲကို ခေါက်တိုယာဉ်မောင်းနဲ့ ကုန်ချရမှာ ပါ ။ ရန်ကုန်ယာဉ်မောင်းအုပ်စုကို သီးခြားအဆောင်နဲ့ ထားပါတယ်။ Quantine ဝင်မယ်သူတွေကိုလည်း ပညာရေးကောလိပ်က Quantine အဆောင်ကို ပို့ဆောင်ပေးပါတယ်” လို့ ပုဂ္ဂလိက လုပ်ငန်းသုံး ယာဥ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။

ကုန်စည်စီးဆင်းမှုအပြတ်တောက်စေဖို့အတွက် ကုန်ကားအဝင်အထွက်ကို တော့ပိတ်သွားမှာ မဟုတ်ဘဲ မကွေးတိုင်း ပြင်ပခရီးသည်ယာဥ်လိုင်းတွေကတော့ စက်တင်ဘာ (၁၄)ရက်က စပြီး ယာယီရပ်နားထားဖို့ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။ တိုင်းအတွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကတော့ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ အညီ ပြေးဆွဲရမှာဖြစ်ပါတယ်။

ပိတ်သင့်တဲ့ ကားဂိတ်တွေကို ပိတ်ထားတဲ့ အတွက် အရင်လောက် စိုးရိမ်မှုမရှိပေမယ့် ခရီးသွားပြီး ပြန်လာသူအချို့ သက်ဆိုင်ရာကို သတင်းမပို့ပဲ သွားလာ နေထိုင်မှုတွေရှိနေတာကိုတော့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မကွေးမြို့ကို ဝင်ရောက်မယ့် ကုန်တင်ကားတွေကို စက်တင်ဘာ(၁၃) ရက်က စပြီး ယာယီရပ်နားစခန်းမှာပဲ ရပ်နားစေမှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ရပ်နာူစခန်းကို ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်ကတော့ (၃၇)စီးရှိတယ်လို့ သိရပါတယ်။

စိုးစိုးဦး/One News


14 Sep 2020     1,502 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS