BEC-TERO TV

Covid-19 ကပ်ရောဂါကြောင့် နိုင်ငံရေးပါတီများ မဲဆွယ်မှုတွင် အကျပ်တွေ့

11 Sep 2020     1,415 Views


Covid-19 ဖြစ်ပွားနေမှုအခြေအနေတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်ရာမှာ အကြပ်အတည်းတွေ တွေ့နေရတယ်လို့ နိုင်ငံရေးပါတီ အချို့က တာဝန်ရှိသူတွေက ပြောပါတယ်။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို စက်တင်ဘာ(၈)ရက်က စတင်ပြုလုပ်နိုင်ပြီဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့ပေမယ့် နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးတာတွေကို ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ လိုက်နာဆောင်ရွက်နေရတဲ့အတွက် အခက်အခဲရှိနေတာဖြစ်တယ်လို့ ပြောပါတယ်။ လက်ရှိ မဲဆွယ်စည်းရုံးမှုအခြေအနေတွေကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးအောင်နေမျိုး က အခုလို ပြောပါတယ်။

“ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေနဲ့ လိုက်လျောညီတွေဖြစ်အောင် လုပ်နေပါတယ်။ လက်ကမ်းစာစောင်ဝေတာတောင် လူနည်းနည်းလေးနဲ့ ဝေတာမျိုး၊ အိမ်တိုင်ရာရောက် သွားရင်လည်း ကိုယ်ကစပြီး ရောဂါဖြန့်တာမျိုး မဖြစ်အောင် ခပ်လှမ်းလှမ်းကနေ လက်ကမ်းစာစောင်ပေးတာမျိုးပဲ လုပ်နေရတယ်။ ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ အနေအထားပါ ” လို့ ဦးအောင်နေမျိုးက ပြောပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြုင်ကြမယ့် နိုင်ငံရေးပါတီ (၂၀)၀န်းကျင် ရှိပေမယ့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေကို သိသိသာသာလုပ်ဆောင်နေတာကတော့ (NLD)ပါတီက ကိုယ်စားလှယ်လောင်းတွေ ဖြစ်ပါတယ်။

ပြည်သူလူထုအတွက် စေတနာအမှန်နဲ့လုပ်ဆောင်နေပေမယ့် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ စည်းကမ်းနဲ့ထိမိခဲ့ရင် လုပ်ခဲ့သမျှဟာ သဲထဲရေသွန်ဖြစ်သွားမှာကို စိုးရိမ်နေရပြီး ရင်တထိတ်ထိတ်နဲ့ လုပ်ဆောင်နေရတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တိုင်းအတွင်းရေးမှူးဦးမြင့်ကြည် ကပြောပါတယ်။ “ စိုးရိမ်တဲ့ စိတ်ခံစားချက် တထိတ်ထိတ်နဲ့ ၂၀၂၀ အောင်နိုင်ရေးကို ဖြတ်သန်းနေရပါတယ်” လို့ ဦးမြင့်ကြည်က ပြောပါတယ်။ ၂၀၂၀ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာမှာ လူစု၊လူဝေးနဲ့ ဟောပြောမဲဆွယ်တာထက် ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ တစ်အိမ် တက်၊ဆင်း(door to door)စနစ်နဲ့ မဲဆွယ်ကြဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သတင်း- အောင်ကျော်ညွန့်(One)

#popolay #popolaytv #news #ရွေးကောက်ပွဲ


11 Sep 2020     1,415 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS