ပြည်တွင်းကူးစက်မှု ထောင်တက်လာသည့်အပေါ် ဒေါက်တာခင်ခင်ကြီး သတိပေး
11 Sep 2020 1,455 Views
လက်ရှိအချိန်မှာ ပြည်ပမှ ဝင်ရောက်ကူးစက်သူက အလွန်နည်းပြီး ပြည်တွင်းကူးစက်မှု ထောင်တက်လာတာကို တွေ့ရပါတယ် ယခင်က ပြည်ပကူးစက်မှု ၆၀ ရာနှုန်းကျော် ရှိသည့်အခြေအနေမှ ယခုအခါ ၁၅ ရာနှုန်းသာရှိပြီး ပြည်တွင်းကူးစက်မှု ၈၅ ရာနှုန်းရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ် ဒါ့ကြောင့်မပေါ့ဆကြပါနဲ့ ခုလက်ရှိဖြစ်ပွားမှုဟာ ပထမအကြိမ်နှင့် နှိုင်းယှဉ်လျှင် ၄ ဆခွဲနီးပါးကို ၃ ပတ်ကျော် အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ် သေဆုံးမှုတွေ တိုးလာသလို လက်ရှိအထူးကြပ်မတ်ကုသမှု ခံယူနေရတဲ့သူလဲ မနည်းပါ သေဆုံးသူတွေကို စေ့ငုကြည့်လျှင် နောက်ခံရောဂါရှိသူတွေမှာ သေဆုံးတာဖြစ်ပေမဲ့ သေဆုံးတဲ့အသက်အရွယ်ကို ကြည့်တဲ့အခါ အသက် ၅၀ အောက် ၅၀ ဝန်းကျင်တွေ များလာတာကို တွေ့ရမှာဖြစ်ပါတယ်။
ဒီလိုသေဆုံးတယ်ဆိုရာမှာ ကိန်းဂဏန်းအနေနဲ့ ဒီအပတ်အတွင်း ၈ ယောက်ဟု ဆိုသော်လည်း မိသားစုတွေအတွက်တော့ ၁၀၀ ရာနှုန်း ဆုံးရှုံးတာဖြစ်ပါတယ် ဒီနေရာမှာသာ သေဆုံးသူဟာ ကိုယ့်မိဘ ကိုယ့်မိသားစုဝင်ဖြစ်မယ်ဆို ဘယ်လောက်စိတ်မကောင်းစရာ ကောင်းလိုက်မလဲ တွေးတောင်တွေးမကြည့်ရဲစရာပါ သို့သော် ဒါဟာ ရှောင်လွဲဖို့ ဖြစ်နိုင်ပါတယ် စည်းကမ်းတွေ လိုက်နာမယ်ဆိုရင်ပေါ့ တချို့သူတွေဟာ မိမိဟာ ရောဂါမကူးစက်နိုင်တဲ့သူသဖွယ် ခံယူပြီး ပြုမူရမဲ့အချက်တွေကို မလိုက်နာတာ အလွန်ပင် စိတ်မကောင်းစရာဖြစ်ပါတယ် လူတစ်ဦးတာဝန်မကျေရင် သူတင်မက မိသားစုဝင်အားလုံးအလွန်အန္တရာယ် ရှိနေတာကို သိဖို့လိုပါတယ် အမေရိကန်အနောက်ပိုင်း Utah ပြည်နယ်မှာပြုလုပ်တဲ့ လူပေါင်း ၈,၅၀၀ ပါဝင်တဲ့သုတေသနတွေ့ရှိချက်အရ မိသားစုအတွင်း ရောဂါကူးစက်မှုဟာ ၁၂.၄ % ရှိကြောင်း သိရတာမို့ လုံးဝမပေါ့ဆစေလိုပါ ယခုလက်ရှိမှာလည်း မိသားစုလိုက်ကူးစက်ခံရပြီး ဖခင်ဖြစ်သူဆုံးပါးသွားတာမျိုး ရှိလာပါပြီ။
မနေ့က သိရှိရတဲ့အချက်များအရ လက်ရှိ ICU မှာ ကုသမှု ပေးနေသူ ၁၅ ဦးနဲ့ ပြင်းထန်လက္ခဏာရှိလို့ အောက်ဆီဂျင်ပေးနေရသူ ၁၅ ဦးရှိနေတာမို့ ဒီရောဂါဟာ မပေါ့ဆသင့်ကြောင်း သတိချပ်စေချင်ပါတယ် ကမ္ဘာပေါ်မှာလည်း ယခုပို့စ်တင်ချိန်မှာ ရောဂါကူးစက်ခံရသူ ၂၈ သန်းနီးပါးရှိပြီး သေဆုံးသူ ၉ သိန်းကျော် ရှိပြီဖြစ်ပါတယ် ဒီပို့စ်ရေးတင်ရခြင်းကလဲ ပြည်သူတွေကို ကြောက်ရွံ့အောင် ခြိမ်းခြောက်လိုခြင်းမဟုတ်ဘူးဆိုသည်ကို သိစေချင်ပါတယ် ကာကွယ်လို့ရပါတယ် အန္တရာယ်မိမိထံ မရောက်အောင်တားဆီးလို့ရပါတယ် ဒါ့ကြောင့်ပြည်သူလူထုအနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီက တာဝန်ယူတတ်တဲ့စိတ် ရှိရမှာဖြစ်ပါတယ် ဘယ်သူကြောင့် ဘယ်ဝါကြောင့် တရားခံရှာနေရမဲ့အချိန်မဟုတ်ပါ မိမိခေါင်းကဆံပင်တွေ မီးလောင်နေရင် ဒီမီးကို အရင်ငြိမ်းသတ်ရမယ်မဟုတ်ပါလား ဘာအကြောင်းကြောင့်လဲဆိုတာထက် လက်ရှိမြန်မြန်ငြိမ်းသတ်နိုင်ဖို့ အရေးကြီးပါတယ် ဒီသဘောပါပဲ အားလုံးသဘောပေါက်နားလည်ပြီး လိုက်နာနိုင်ရင်ဖြင့် အမြန်ဆုံးထိန်းချုပ်နိုင်ပါလိမ့်မယ်။
Dr. Khin Khin Gyi