နေပြည်တော်တွင် အစိုးရအရာရှိတစ်ဦး၏ဇနီး နေအိမ်၌အသတ်ခံရ
10 Sep 2020 1,411 Views
နေပြည်တော် ပုဗ္ပသီရိမြို့နယ်က နေအိမ်ထဲမှာ အစိုးရအရာရှိတစ်ယောက်ရဲ့ဇနီး ဓားဒဏ်ရာအများအပြားနဲ့ အသတ်ခံရမှုကို ရဲတပ်ဖွဲ့ကစုံစမ်းဖော်ထုတ်နေတယ်လို့ ပုဗ္ပသီရိမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက အတည်ပြုပြောပါတယ်။ လက်ရှိမှာနေပြည်တော်၊ ခရိုင် ၊ မြို့နယ်ရဲတပ်ဖွဲ့ နဲ့ မှုခင်းရဲတပ်ဖွဲ့ (CID) တို့ပူးပေါင်းပြီးကျူးလွန်သူတွေကို ဖော်ထုတ်နေတယ်လို့ ရဲအရာရှိကအခုလိုပြောပါတယ်။ " လောလောဆယ်တော့ အိမ်ထဲမှာပဲဒဏ်ရာတွေနဲ့ သေဆုံးနေတာ။
လက်ရှိမှာတော့ တပ်ဖွဲ့အကုန်လုံးနဲ့ နေပြည်တော်၊ ခရိုင်နဲ့ CID တပ်ဖွဲ့တို့ ပူးပေါင်းနေပါတယ်။ တရားခံတော့မမိသေးဘူး " လို့ရဲအရာရှိကပြောပါတယ်။ အခင်းဖြစ်နေအိမ်ကနေ လက်ဝတ်ရတနာအချို့ ပျောက်ဆုံးနေတာတွေ့ရတယ်လို့လည်းရဲအရာရှိကပြောပါတယ်။ အဲဒီအခင်းဖြစ်ရပ်ကို သွားရောက်ခဲ့တဲ့ နေပြည်တော်အခြေစိုက် စိုးမိုးသူလူမှုကူညီရေးအဖွဲ့ချုပ် ဥက္ကဌ ဦးစိုးမိုးသူကတော့ အသတ်ခံရတဲ့ အမျိုး သမီးဟာခန္ဓာကိုယ်အနှံ့ ထိုးသွင်းဒဏ်ရာတွေရရှိထားပြီး နေအိမ်တစ်ဝိုက်မှာလည်းသွေးစွန်းနေတာတွေ မြင်တွေ့ရတယ်လို့ပြောပါတယ်။
အခင်းဖြစ်ရပ်ကတော့ စက်တင်ဘာ(၉)ရက်ညပိုင်းက နေပြည်တော်၊ ပုဗ္ပသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာထဲက နေအိမ်တစ်အိမ်ထဲမှာ အစိုးရဝန်ကြီးဌာနတစ်ခုရဲ့ ညွန်ကြားရေးမှူးအဆင့်ရှိသူတစ်ဦးရဲ့ ဇနီးဟာနေအိမ်မှာတစ်ယောက်တည်းရှိနေစဥ် အသတ်ခံခဲ့ရတာပါ။ အဲဒီအခင်း ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပုဗ္ပသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာလူသတ် မှု၊ လုယက်မှုပုဒ်မတွေနဲ့အမှုဖွင့်ထားပါတယ်။
ဝေယံထက်ဝင်း/Photo - Soe Moe / One
#popolay #popolaytv #crime #လူသတ်မှု